မဲခေါင်၊ မတ် ၁၀
တာချီလိတ်မြို့မှာ လာရောက်နေထိုင်တဲ့ ထိုင်းနိုင်ငံသားတစ်ဦးကို မိန်းမဖြစ်သူက ဓားနဲ့ထိုးတာကြောင့် မတ်လ ၈ ရက် ညနေပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဆန်ဆိုင်း(ခ)ရပ်ကွက်၊ စံပယ်လမ်းမှာ နေထိုင်တဲ့ ထိုင်းနိုင်ငံသား အဒွန်အိုချိုင်းသေဆုံးနေတာကို မတ်လ ၈ရက် ညနေ ၅နာရီလောက်က သိရှိခဲ့တာဖြစ်ပြီး သူနဲ့အတူနေတဲ့ ထိုင်းနိုင်ငံသူ ကစ်တီယာ – Kittiya ကို မြန်မာရဲတွေက ည ၇နာရီခွဲလောက်မှာ ဖမ်းလိုက်တယ်လို့ ဆန်ဆိုင်း(ခ)မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“အလောင်းတွေဘာတွေသယ်ပြီးတော့ ကောင်မလေးကို မယ်ဆိုင်ချောင်းနားမှာ ဖမ်းမိသွားတယ်။ သိပ်မကြာဘူး။ ကောင်မလေးက ချုံပုတ်ထဲမှာ ပုန်းနေတယ်ပြောတယ်” လို့ သူက ပြောပါတယ်။
အဒွန်အိုချိုင်းနဲ့ ကစ်တီယာတို့ဟာ အတူပေါင်းသင်းနေထိုင်သူတွေဖြစ်ပြီး ယောက်ျားဖြစ်သူ အဒွန် နောက်ထပ်ရည်းစားတစ်ယောက်ထပ်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စကားများရာကနေ မိန်းမဖြစ်သူ ကတ်တီယာက ဓားနဲ့ထိုးသတ်လိုက်တာဖြစ်တယ်လို့ မြန်မာရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေကို ကိုးကားပြီး ရဲစခန်းနဲ့နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ကတ်တီယာဟာ မယ်ဆိုင်ချောင်းကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးဖို့ ကြိုးစားနေစဉ်မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သူကပြောပါတယ်။
အဒွန်နဲ့ကတ်တီယာဟာ ဘာကြောင့် တာချီလိတ်ဘက်မှာ လာရောက်နေထိုင်လည်းဆိုတာကိုတော့ မဲခေါင်သတင်းဌာနက စုံစမ်းနိုင်ခြင်း မရှိသေးပါဘူး။
MK – 004
#MeKongNews
#တာချီလိတ် #ထိုင်းနိုင်ငံသား