မဲခေါင်၊ ဖေဖော်ဝါရီ ၁၈
စစ်ကောင်စီက အသစ်ခန့်လိုက်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး တာချီလိတ်ကို လာတာကြောင်း ဖေဖော်ဝါရီလ ၁၈ ရက် ဒီနေ့ကစပြီး လမ်းဘေးမှာယာယီဖွင့်တဲ့ဆိုင်ခန်းတွေအာလုံး ပိတ်ခိုင်းထားတယ်လို့ စုံစမ်းသိရပါတယ်။
စစ်ကောင်စီအသစ်ခန့်ထားတဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟာ အမှတ် ၁ တံတားပြန်ဖွင့်ဖို့ စစ်ဆေးဖို့ ကိစ္စအပါအဝင် တခြားကိစ္စတွေနဲ့ တာချီလိတ်ကို လာရောက်တာဖြစ်ပြီး ဘယ်နှစ်ရက်နေမယ်ဆိုတာ မသိရဘူးလို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“အရင် ဝန်ကြီးချုပ်လာတုန်းကလည်း ပိတ်ရတယ်။ အခုလည်း ဒီအတိုင်းပဲပေါ့။ ဝန်ကြီးချုပ်တွေကလည်း တာချီလိတ်ဆို ခဏခဏလာတယ်လေ” လို့ သူက ပြောပါတယ်။
ပိတ်ရမယ့်ဆိုင်ခန်းတွေထဲမှာ ရှမ်းရိုးမကွင်းပတ်ချာလည်က ဆိုင်ခန်းတွေ၊ ဗိုလ်ချုပ်လမ်းမပေါ်ကဆိုင်ခန်းတွေနဲ့ အမှတ် ၁ တံတားနဲ့ အမှတ် ၂ တံတားနားက ဆိုင်ခန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အသစ်ခန့်လိုက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးဟာ စစ်အာဏာသိမ်း ၂ နှစ် ကာလအတွင်း ရှမ်းပြည်နယ် တစ်ခုလုံးနဲ့ ကရင်နီပြည် ပါဝင်တဲ့ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့ပြီး တော်လှန်လူငယ်တွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပြီး အရပ်သားတွေကို နှိပ်စက်သက်ဖြတ်ရာမှာ အဓိက တာဝန်ရှိသူ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ရွာသား အယောက် ၄၀ ကို လက်ပြန်ကြိုးတုပ် ဖမ်းဆီး မီးရှို့သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သူ ဖြစ်ပါတယ်။
MK – 004
#MeKongNews
#တာချီလိတ်
#ရှမ်းရိုးမကွင်း