မဲခေါင်၊ ဖေဖော်ဝါရီ ၇
ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မနေ့ ညနေ ၃ နာရီခွဲက လန်ဒန်မြို့ UK နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တရားဝင် တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အရေးကိစ္စတွေကို နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်ဇင်မာအောင်ဟာ NUG နိုင်ငံခြားရေးဝန်ကြီး အဖြစ်နဲ့ ဥရောပနိုင်ငံ တစ်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး တစ်ယောက်ကို ပထမဆုံး တရားဝင် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ယူကေ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တွေ့ဆုံခဲ့ကြတဲ့ ဆွေးနွေးပွဲမှာ မြန်မာပြည်အရေးနဲ့ စပ်လျဉ်းပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး၊ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်နိုင်ဖို့ ဆောင်ရွက်နိုင်ရေး၊ လူနည်းစု လူမျိုးများအရေးနဲ့ အခြားအကြောင်းအရာတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။။
ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ဟာ ယူကေခရီးစဉ် အတွင်း အခြား သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့လည်း ဆက်လက်တွေ့ဆုံပြီး မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ဒုတိယပတ်ထဲမှာလည်း အမေရိကန်နိုင်ငံကို သွားရောက်ပြီး မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ရှိသလို အမေရိကန်အစိုးရ တာဝန်ရှိသူ အချို့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
မနေ့က တစ်နေ့တည်းမှာ ဒေါ်ဇင်မာအောင်ဟာ မြန်မာ့အရေး လှုပ်ရှားနေတဲ့ All Party Parliamentary Group on Burma အဖွဲ့ရဲ့ ဥက္ကဋ္ဌ ယူကေ အတိုက်အခံပါတီဖြစ်တဲ့ လေဘာပါတီအမတ် Rushanara Ali နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
MK-003
#MeKongNews
#ယူကေနိုင်ငံ
#ဒေါ်ဇင်မာအောင်
#NUG