မဲခေါင်၊ ဇန်နဝါရီ ၂၃
နွေဦးတက္ကသိုလ်က ဖွင့်လှစ်တဲ့ သင်တန်းအားလုံး အတွက် သင်တန်းကြေးတွေကို စစ်ကောင်စီရဲ့ ဘဏ္ဍာရေး ယန္တရားမှ လုံးဝ လွတ်ကင်းပြီး လုံခြုံမှု အပြည့်ရှိတဲ့ ငွေပေးငွေယူ စနစ် NUGPay နဲ့ ပေးချေ တက်ရောက်နိုင်တော့မှာ ဖြစ်တယ်လို့ နွေဦးတက္ကသိုလ် Spring University Myanmar ထံမှ သိရပါတယ်။
NUGPay ဟာ လက်ရှိ DMMK လည်ပတ်ငွေ သန်း ၇၀၀၀ ထိရှိပြီး သုံးစွဲသူတွေ အနေနဲ့ Account ဖွင့်ထားတဲ့ Agent ထံမှာသာ Top-up code ဝယ်ယူခြင်း၊ ငွေဖြည့်သွင်းခြင်း၊ ငွေထုတ် ယူခြင်း တို့ကို ပြုလုပ်ရတဲ့အတွက် တော်လှန်ရေး အတွက် လုံခြုံမှု အပြည့်ရှိတဲ့ ငွေပေးငွေယူ စနစ် ဖြစ်ပါတယ်။
“NUGPay နဲ့ သင်တန်းအားလုံးကို တက်ရောက်နိုင်တော့ ပိုကောင်းတာပေါ့။ ကျွန်မတို့ ကလေးတွေကို ပညာ ပေးတဲ့အခါမှာလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ ဘဏ္ဍာရေး ယန္တရား ငွေပေးငွေယူ ကိစ္စတွေကို အသုံးပြု ရတာ မရှိတော့ဘူး ဆိုတော့ ပိုပြီးစိတ်သန့်သွားတယ်။ ဒီကျောင်းမှာလည်း အခုဆို ဘာသာစကား သင်တန်း တွေပါ ရှိလာတော့ ကိုယ်ကလေးကို များများသင်စေချင်တယ်” လို့ ကျောင်းသားမိဘ တစ်ဉီးက ပြောပါတယ်။
နွေဦးတက္ကသိုလ်ဟာ စစ်ကောင်စီရဲ့ စစ်ကျွန် ပညာရေးကို သပိတ်မှောက်ပြီး ပညာရေးကို ရှာဖွေလိုလားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် ဖွင့်လှစ်ထားတဲ့ တက္ကသိုလ် ဖြစ်ပါတယ်။
“နွေဦးတက္ကသိုလ် အနေနဲ့ ၂၀၂၃ မှာ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး မြေပြင် ပညာရေးကို အရှိန်မြှင့်တင်ခြင်း၊ ရက်တိုရက်ရှည် ခရက်ဒစ်ရယူနိုင်သော သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်သွားဖို့ တွေရှိတယ်” လို့ Spring University Myanmar မှ တာဝန်ရှိသူက ပြောပါတယ်။
နွေဦးတက္ကသိုလ်က လူငယ်တွေ အတွက် ပို့ချခဲ့တဲ့ သင်တန်း အရေအတွက် ၅၀၇ ခုရှိပြီး သင်ကြားရေးမှာ ပါဝင်အားဖြည့်ပေးတဲ့ CDM ဆရာ ဆရာမနဲ့ ပညာရှင် စုစုပေါင်း ၂၀၀ ဦးကျော်ရှိကာ နိုင်ငံတစ်ဝှမ်း ကျောင်းသား လူငယ် ၁၃,၀၀၀ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
MK-010