လူကျော်
“Journalism is not a crime (သတင်းစာပညာသည် ရာဇဝတ်မှုမဟုတ်) ဆိုတာ ဒီမှာတော့ မဟုတ်ဘူး။ တခြားစီပဲ။ အကုန်ကြောက်နေရတယ်။ အကုန်စိုးရိမ်နေရတယ်။ သတင်းထောက်မှန်း လူသိခံလို့တောင်မရဘူး” လို့ သတင်းထောက် မခိုင် (အမည်လွှဲ) ကပြောပါတယ်။
မခိုင်က သတင်းထောက်ဖြစ်ချင်လို့ တစ်နယ်တစ်ကျေးကနေ ရန်ကုန်မှာပြောင်းရွှေ့ အခြေချနေတဲ့ လုပ်သက် ရှစ်နှစ်လောက်ရှိတဲ့ သတင်းထောက်တစ်ယောက်ပါ။ သတင်းထောက်ဖြစ်ရတာကို အမြဲတမ်းဂုဏ်ယူခဲ့သလို ဒီအလုပ်ကိုပဲ တစ်သက်လုံး လုပ်သွားဖို့ စဉ်းစားထားတဲ့ သူ့အတွက် စစ်တပ်က အာဏာသိမ်းပြီးချိန်မှာတော့ အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရပါတယ်။
“လုပ်လို့မရဘူး။ ဘာမှ လုပ်လို့မရတော့ဘူး။ ကင်မရာလည်း ထုတ်မရ၊ ဓာတ်ပုံလည်း ပေါ်ပေါ်တင်တင် ရိုက်မရတော့ဘူး” လို့ မခိုင်က ပြောပါတယ်။
မခိုင်ပြောသလိုပါပဲ လွတ်လပ်တဲ့ သတင်းသမားတွေအတွက် အာဏာသိမ်းစစ်တပ်အောက်မှာ အဘက်ဘက်ကနေ အန္တရာယ်ရှိနေတာပါ။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ နိုဝင်ဘာလအထိ စစ်တပ်က သတင်းမီဒီယာ ၁၄ ခုကို လိုင်စင် ပိတ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် သတင်းသမားတွေကိုလည်း ဖမ်းဆီးထောင်ချတာတွေ သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတကာစာနယ်ဇင်းအဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းမီဒီယာသမားတွေ ဖမ်းဆီးခံရမှု ဒုတိယမြောက် အများဆုံး နိုင်ငံဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းဇယားတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းသမား ၁၅၈ ယောက်ဖမ်းဆီးခံခဲ့ရပြီး အယောက် ၈၀ ကတော့ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။
ဒါ့အပြင် မီဒီယာသမား သုံးဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံထားရပါတယ်။
နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်ရေး ကော်မတီက ၂၀၂၂ နိုဝင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သတင်းသမားတွေ အသတ်ခံနေရပြီး တရားခံတွေ လွတ်မြောက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာစာရင်းမှာ မြန်မာနိုင်ငံက အဌမမြောက်နေရာမှာ ရှိနေပါတယ်။
ဒီလိုဆိုးဝါးတဲ့ အခြေအနေမှာ စစ်အာဏာသိမ်းမှုရဲ့ ဆိုးကျိုးနဲ့ စစ်တပ်ရဲ့ ပြည်သူတွေကို ကျူးလွန်မှုတွေကို ဖော်ထုတ်ရေးသားခဲ့တဲ့ သတင်းသမား အများစုဟာ နေရပ်စွန့်ခွာပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ လွတ်မြောက်နယ်မြေတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။ တချို့ကတော့ ပြည်တွင်းမှာပဲ ရွှေ့ပြောင်းနေထိုင်ပြီး အန္တရာယ်ကြားကနေ စွန့်စွန့်စားစားနဲ့ သတင်းတင်ဆက်မှုတွေ ဆက်လုပ်နေကြပါတယ်။
အမျိုးသမီးသတင်းသမားတစ်ယောက်ဖြစ်တဲ့ မခိုင်ကလည်း ပြည်တွင်းကနေ သတင်းပေးပို့မှုတွေ ဆက်လုပ်နေတဲ့ အန္တရာယ်ကြားက သတင်းသမား တစ်ယောက်ပါ။
သူဘာလို့ အန္တရာယ်များတဲ့ မြေပြင်ကို မစွန့်ခွာဘဲ သတင်းတင်ဆက်တာတွေဆက်လုပ်နေပါသလဲ?
မခိုင်ရဲ့ မိဘတွေဟာ နယ်မှာ ကိုယ်ပိုင်လုပ်ငန်းနဲ့ နေနိုင်စားနိုင်တဲ့ သူတွေဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း သတင်းထောက်မလုပ်ခင်က မိဘတွေရဲ့ လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခဲ့သူပါ။
အာဏာသိမ်းပြီးနောက်ပိုင်း မခိုင်ကို သူ့ရဲ့ မိဘတွေက ဇာတိကို ပြန်လာခဲ့ဖို့ တိုက်တွန်းပါတယ်။ ဒါပေမယ့် သူကတော့ သတင်းထောက်ဆက်လုပ်နိုင်ဖို့အတွက် မိဘတွေရဲ့ တိုက်တွန်းမှုကို ငြင်းပယ်ပြီး ရန်ကုန်မှာပဲ ဆက်နေခဲ့တာပါ။
“ဟိုမှာက ဘောင်ကျဉ်းတယ်။ အကုန်လုံးက သိနေကြတာ။ သတင်းထောက်ဆက်လုပ်လို့ မရဘူး။ ကိုယ်ကလည်း ဒီအလုပ်ပဲ ဆက်လုပ်ချင်တာဆိုတော့ မပြန်ဖြစ်တာ” လို့ မခိုင်ကပြောပါတယ်။
အဲဒီ ရန်ကုန်မှာ သတင်းထောက်အဖြစ် မခိုင်ဆက်နေဖို့အတွက် လွယ်တာတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ အဖက်ဖက်က အခက်အခဲတွေကို ကြုံတွေ့နေရတာပါ။
အာဏာမသိမ်းခင်က မခိုင်အနေနဲ့ တစ်လကို ဝင်ငွေ လေးသိန်း ဝန်းကျင်ရှိခဲ့ပြီး စားဝတ်နေရေး ချောင်လည်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တပ်က သတင်းမီဒီယာအချို့ကို ပိတ်သိမ်းခဲ့ပြီး အချို့ကလည်း အာဏာသိမ်းစစ်တပ်အောက်မှာ သတင်းမီဒီယာလုပ်ငန်း ဆက်မလုပ်ဖို့ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီအခြေအနေမှာ မခိုင်တို့လို သတင်းထောက်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းရှားလာပြီး ဝင်ငွေ လျော့ကျသွားပါတယ်။ တစ်ဖက်မှာလည်း အာဏာသိမ်းစစ်တပ်လက်အောက်မှာ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ကုန်ဈေးနှုန်းက ဆိုးဆိုးရွားရွား မြင့်တက်လာပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကထက် အခြေခံစားသောက်ကုန်စျေးနှုန်း ၆၂ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ စားသုံးဆီစျေးနှုန်းကတော့ ၁၃၇ ရာခိုင်နှုန်း ခုန်တက်သွားပြီး ဆန်စျေးကတော့ ၅၃ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ စက်သုံးဆီစျေးနှုန်းကလည်း ပြီးခဲ့တဲ့နှစ်ကထက် ၉၄ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။
ဝင်ငွေထက်ဝက်လောက်လျော့သွားပြီး ကုန်ဈေးနှုန်းက နှစ်ဆလောက်မြင့်တက်လာတဲ့အတွက် မြန်မာနိုင်ငံက အခြား အခြေခံလူတန်းစားတွေနည်းတူ မခိုင်လည်း အဆုံးစွန်ချွေတာရေး လုပ်ရပါတော့တယ်။
လက်ရှိမှာ ဝင်ငွေ တစ်လ နှစ်သိန်းဝန်းကျင်ပဲ ရှိတော့တဲ့ မခိုင်ဟာ နေရေးအတွက် အရင်လို တိုက်ခန်းမှာသီးသန့်ငှားမနေနိုင်တော့ဘဲ တစ်လကို သောင်းဂဏန်းပဲပေးရတဲ့ နေရာတွေမှာပဲ ဖြစ်သလိုနေရပါတော့တယ်။ ဒါ့အပြင် အခြေခံအစားအသောက်ကိုလည်း ဈေးနှုန်းသက်သာမယ့်ဟာတွေနဲ့ အစားထိုးပြီး စားသောက်နေရတာပါ။
“အရင်က တစ်ခါမှ မစားဖူးတဲ့ ဆင်းသွယ်၊ ဇီယာ စားနေရတယ်။ အရင်ကစားတဲ့ဆန်က ဈေးတက်သွားတော့ မစားနိုင်တော့ဘူး။ ဆီလည်း အရင်က နေကြာဆီသုံးတယ်။ အခုသုံးတဲ့ဆီက ဘာဆီမှန်းတောင် မသိတော့ဘူး။ ဈေးပေါတာပဲ ရွေးနေရတာ” လို့ ပြောပါတယ်။
အဲဒီလို စားသောက်ဖို့အတွက်တောင် မခိုင်အနေနဲ့ သတင်းထောက်အလုပ်အပြင် အဝယ်တော်၊ ပစ္စည်းပို့ဆောင်သူ စတဲ့အခြားအလုပ်တွေပါ တွဲလုပ်ရပါတယ်။
“ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်မဟုတ်ဘူး။ ဒါပေမယ့် ရန်ကုန်မှာ ဆက်နေပြီး သတင်းထောက် ဆက်လုပ်လို့ရအောင် အကုန်လုပ်ခဲ့ရတယ်။ ထမင်းစားလို့ရအောင် ရပ်တည်လို့ရအောင် လုပ်ခဲ့ရတာ” လို့ မခိုင်က ပြောပါတယ်။
အဲဒီလို ရုန်းကန်နေရင်းနဲ့ပဲ ရံပုံငွေ အားနည်းတဲ့ သတင်းဌာနတွေကို သတင်း၊ ဆောင်းပါးတွေ အခမဲ့ ပေးပို့သလို တတ်နိုင်တဲ့ သတင်းဌာနတွေက စာမူခ ပေးရင်လည်း ဖမ်းဆီးခံထားရတဲ့ သတင်းသမား သူငယ်ချင်းတွေအတွက် မခိုင်ကထောင်ဝင်စာပေးပို့တတ်ပါတယ်။
အာဏာသိမ်းပြီးကတည်းက လက်ရှိအချိန်အထိ မတူညီတဲ့ သတင်းဌာနတွေကို မခိုင်ရေးသားပေးပို့ခဲ့တဲ့ သတင်းဆောင်းပါး ဆယ်ပုဒ်ကျော်နဲ့ သတင်းတိုအများအပြားရှိပါတယ်။ အဲဒီသတင်းဆောင်းပါးနဲ့ သတင်းတွေထဲမှာ အာဏာသိမ်းပြီးစ ဆန္ဒပြပွဲတွေ၊ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ ကျဆုံးသူတွေ အကြောင်း၊ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူလူထု ကြုံနေရတဲ့ အခက်အခဲတွေ၊ စစ်အုပ်ချုပ်ရေးရဲ့ ပြည်သူအပေါ် ညှဉ်းပန်း နှိပ်စက်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ အကျဉ်းထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေတွေ ပါဝင်ပါတယ်။
အဲဒီ သတင်းတွေအကုန်လုံးကို မခိုင်က ကျပ်တည်းပြီး အန္တရာယ်များလှတဲ့ အခြေအနေမှာ မြေပြင်ထိဆင်းပြီး စုံစမ်းကာ သတင်းရယူ ရေးသားခဲ့တာပါ။ ဒါ့အပြင် ကိုယ်တိုင်ရေးရင် စစ်တပ်က ခြေရာခံလို့ရသွားနိုင်တဲ့ အကြောင်းအရာတွေကိုလည်း လွတ်မြောက်နယ်မြေတွေမှာရောက်နေတဲ့ သတင်းထောက်မိတ်ဆွေတွေကို ပြောပြပြီး သူက မြေပြင်ကနေ အတည်ပြုပေးခဲ့ပါတယ်။
အဲဒီလို မြေပြင်ဆင်းပြီး သတင်းရယူတာ၊ အတည်ပြုတာတွေအားလုံးကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ လုပ်နိုင်ခဲ့တာတော့မဟုတ်ပါဘူး။ တစ်ချို့အချိန်တွေမှာ အန္တရာယ်နဲ့ အရမ်း နီးနီးစပ်စပ်ကြုံခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်။ မိတ်ဆွေ သတင်းထောက်အချို့လည်း မျက်စိရှေ့မှာတင် ဖမ်းဆီးခံရတာကို ကြုံခဲ့ရပါတယ်။
“ကိုယ့်သူငယ်ချင်းတွေရော၊ သိတဲ့သူတွေရော ကိုယ့်ရှေ့တင် အဖမ်းခံခဲ့ရတာတွေ ရှိတယ်။ …ကိုယ်တိုင်လည်း ပြေးရဖူးတယ်။ ဆန္ဒပြပွဲ သတင်းယူတုန်းက သေနတ်နဲ့ပစ်လို့ နီးတဲ့အိမ်ပေါ် တက်ပြေးပြီး ပုန်းနေတာ။ အဲဒါ အောက်ကနေ ပုန်းနေတဲ့ ဘက်ကို လှမ်းပစ်တော့ ဘေးကတစ်ယောက်က လက်ထိသွားတယ်။ အဲဒီတုန်းက တော်တော် လန့်သွားတာ” လို့ မခိုင်က ပြောပါတယ်။
ဒါ့အပြင် သတင်းယူတုန်း အနောက်က လိုက်ဖမ်းလို့ နီးစပ်ရာမှာ ဝင်ပြီး ပုန်းအောင်းနေရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။
ဝါသနာအရ စွန့်စွန့်စားစား လုပ်ကိုင်နေပေမယ့် သူ့ရဲ့လုံခြုံရေးအတွက်အချိန်ပြည့် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
“အာဏာသိမ်းပြီးကတည်းက ညဆို ဖြောင့်ဖြောင့်အိပ်လို့မရတာ။ လှေကားတက်သံ ကြားရင်ကို ကြောက်နေရတာ။ ညည၊ နေ့နေ့ ပါပဲ။ ကျီးလန့်စာ စားနေရတာ။ တစ်ယောက်ယောက်က စိုက်ကြည့်ရင်တောင် စိတ်ကမလုံခြုံတော့ဘူး” လို့ မခိုင်က ပြောပါတယ်။
သတင်းထောက်အဖြစ် ပတ်ဝန်းကျင်ကလူတွေ မသိအောင် နေနေရသလို နေထိုင်ရာ အိမ်ကိုလည်း မကြာခဏ ပြောင်းရွှေ့နေထိုင်နေရတယ်လို့ဆိုပါတယ်။
လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီက သတင်းထောက်အလုပ် မလုပ်တော့တဲ့ သတင်းထောက်ဟောင်းအချို့ကိုပါ ဖမ်းဆီးပြီး တရားစွဲဆိုတာတွေ ရှိနေပါတယ်။ ဒါကြောင့် မခိုင်တို့လို သတင်းထောက်အလုပ်ဆက်လုပ်နေသူအနေနဲ့ သိုသိုဝှက်ဝှက်နဲ့ လုပ်ကိုင်နေရတာဖြစ်ပါတယ်။
ဒီလိုအခြေအနေကနေ လွတ်မြောက်ပြီး ရန်ကုန်မှာ သတင်းထောက်ဆက်လုပ်နိုင်ဖို့ ရွေးစရာ မရှိတာတော့ မဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆက်ပြီးလည်ပတ်နေတဲ့ ပြည်တွင်းသတင်းဌာန အချို့ရှိနေပါသေးတယ်။
ဒါပေမယ့် မခိုင်ကတော့ အဲဒီလိုသတင်းဌာနတွေမှာ အလုပ်ဝင်လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“အန္တရာယ်ကင်းတယ်။ လစာ ပုံမှန်ရမယ်။ ဒါပေမယ့် ဒီအချိန်မှာ တကယ် လိုအပ်နေတာတွေကို မလုပ်ဘဲ တခြားဟာတွေ လုပ်နေရမှာ။ အဲဒါကြောင့် မလုပ်ဖြစ်တာ” လို့ မခိုင်က ပြောပါတယ်။
ပြင်သစ်အခြေစိုက် နည်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက်မှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းက ၁၇၆ မှာရှိနေတာပါ။ အောက်မှာ မြောက်ကိုရီးယားနဲ့ အီရန် အပါအဝင် ၄ နိုင်ငံပဲ ရှိပါတော့တယ်။
စစ်တပ်က အာဏာသိမ်းတာလည်း နှစ်နှစ်နီးပါးရှိပါပြီ။ သတင်းမီဒီယာတွေကို ဖိနှိပ်တာအပြင် ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်တွေကိုလည်း ဆက်ပြီး ဖိနှိပ်ကန့်သတ်နေပါတယ်။
အဲဒီလို ဖိနှိပ်မှုတွေ၊ အန္တရာယ်တွေ ရှိနေပေမယ့် မခိုင်ကတော့ ရန်ကုန်မြို့ကို ဖက်တွယ်ထားဆဲ။ သတင်းမီဒီယာအလုပ်ကို ဖက်တွယ်ထားဆဲပါ။
“နောက်ဆုံးအထိ ဆက်လုပ်နေမယ်။ အဖမ်းခံရလို့ သေလည်း သေပါစေ။ ကိုယ်တိုင်မရေးရရင်တောင် မြေပြင်မှာ ဒါတွေဖြစ်နေတယ်ဆိုတာ အခြားသတင်းထောက်တွေကို လှမ်းပြောပြနိုင်ပြီး အများသိအောင် လုပ်နိုင်ရင် ကျေနပ်တယ်” လို့ မခိုင်က သူ့ရဲ့ ခံယူချက်ကို ပြောပြပါတယ်။