မဲခေါင်၊ နိုဝင်ဘာ ၂၇
မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ တရုတ်ဘက်က ဖမ်းဆီးပေးရန် အကူအညီတောင်းခံထားသည့် တရုတ်နိုင်ငံသားတစ်ဦးကို “ဝ”တပ် (UWSA) က ဖမ်းဆီးပြီး တရုတ်အာဏာပိုင်များထံ လွဲပြောင်းပေးလိုက်သည်ဟု သတင်းထုတ်ပြန်သည်။
အဆိုပါမူးယစ်တရားခံကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် လွဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ရဲတပ်ဖွဲ့တာဝန်ရှိသူများက အမှုနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ ကိုယ်ရေးအချက်အလက်များနှင့် သက်သေအထောက်အထားများကို စစ်ဆေးအတည်ပြုပြီးနောက် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။
အဆိုပါအမှုနှင့် ပတ်သက်သူကို တရုတ်ဘက်က တရားဝင်စာပေးပို့၍ ဖမ်းဆီးပေးရန် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး အကြောင်းကြားစာရရှိပြီးနောက် “ဝ”တပ်ဖွဲ့ တရားရေးဌာနက သက်ဆိုင်ရာတပ်ဖွဲ့ဝင်များကို စေလွှတ်ကာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုဖမ်းဆီးလွှဲပြောင်းမှုသည် နယ်စပ်ဖြတ်ကျော်မှုခင်းများကို နှိမ်နင်းရေးနှင့် နှစ်ဖက်ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း “ဝ”တပ်ဖွဲ့တရားရေးဌာနက ဆိုသည်။
ထို့အပြင် မူးယစ်ဆေးဝါးမှုများအပေါ် လုံးဝသည်းမခံသည့် မူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု လမ်းကြောင်းများနှင့် ကွန်ရက်များကို ဖြတ်တောက်နိုင်ရန် တရုတ်အာဏာပိုင်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“မူးယစ်ဆေးဝါး မပပျောက်သေးသရွေ့ နှိမ်နင်းမှုကိုလည်း မရပ်တန့်” ဟူသည့် မူဝါဒဖြင့် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း “ဝ”တပ်ဖွဲ့တရားရေးဌာနက ထုတ်ပြန်ချက်တွင်ပြောသည်။
“ဝ”တပ်ဖွဲ့-UWSA ၏ တရားရေးကော်မတီသည် တရုတ်ဘက်မှ ဖမ်းဆီးပေးရန် အကူအညီတောင်းခံထားသည့် တရားခံပြေး ၂ ဦးနှင့် ကယ်တင်ပေးထားသူ ၁ ဦးတို့ကိုလည်း နိုဝင်ဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့သေးသည်။
#MeKongNews
#UWSA
#တရုတ်
#မူးယစ်ဆေး
#လွှဲပြောင်း
#ဝတပ်ဖွဲ့








