မဲခေါင်၊ နိုဝင်ဘာ ၂၇
တရုတ်နိုင်ငံသားများ စုပေါင်းနေထိုင်ပြီး ကျားဖြန့် သို့မဟုတ် အွန်လိုင်းဂိမ်းလုပ်ကိုင်သည်ဟု ယူဆရသည့် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ နေအိမ် ၄အိမ်ကို နိုဝင်ဘာလ ၂၆ရက်ညပိုင်းက စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ပစ်ခတ်သံများလည်း ကြားရကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းအဆင်းနားရှိ နေအိမ် ၄အိမ်ကို ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး သေနတ်ပစ်သံ ၃ချက်၊ ၄ချက်ခန့် ကြားရကြောင်း၊ ယင်းအိမ်များကို ဝမ်ကောင်းပြည်သူ့စစ်က တာဝန်ခံကာ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဘောလုံးကွင်းအနောက်ဘက်၊ စာသင်ကျောင်းနားက အိမ်တွေကို ဝင်ဖမ်းတာ၊ အိမ် ၄လုံးအဖမ်းခံရတယ်။ တရုတ်တွေနဲ့ထိုင်းတွေ အကုန်မိသွားတယ်။ ပစ်သံခတ်သံတွေလည်းကြားရတယ်။ ရပ်ကွက်နေပြည်သူတွေလည်း လန့်နေကြတယ်” ဟု ၎င်းကပြောသည်။
လက်ရှိဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးခံရသူအရေအတွက်၊ ဖမ်းဆီးမှုတွင် ပါဝင်သည့်အဖွဲ့အစည်း၊ သေနတ်ပစ်ခတ်ရသည့် အကြောင်းရင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိတို့ကိုမူ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိသေးပေ။
တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်၍ ယခုနှစ်အတွင်း ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေပြီး နိုဝင်ဘာ ၁ ရက်တွင်လည်း ဆမ်ဆောင် (က) ရပ်ကွက်ရှိ ယူဝါရတ်ဟိုတယ်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်သည်ဟုဆိုသော ထိုင်းနိုင်ငံသား ၈၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#MeKongNews
#တာချီလိတ်
#တရုတ်နိုင်ငံသား
#ကျားဖြန့်
#ဝမ်ကောင်းရပ်ကွက်
#ဝမ်ကောင်းပြည်သူ့စစ်








