မဲခေါင်၊ စက်တင်ဘာ ၂၃
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၉,၆၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ သိန်းကို ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
စက်တင်ဘာ ၂၀ ရက် ည ၈ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ရေချောင်းဘေးသို့ သွားရောက်စစ်ဆေးခဲ့သည်။
ထို့သို့ စစ်ဆေးရှာဖွေရာတွင် စောရန်နိုင်၊ နဝရတ်ဂျ်(ခ) အောင်သူရ၊ အားထူ၊ ဇော်လွင်ဦး(ခ) အဝင်းနှင့် လွမ်းကိုကိုမောင်(ခ) မှတ်ကြီးတို့ ၅ ဦးကို စိတ်ကြွဆေးပြားများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ထံမှ စိတ်ကြွဆေးပြား စုစုပေါင်း ၂၄ သိန်းပြားနှင့် လက်ကိုင်ဖုန်း ၆လုံးကို သိမ်းဆည်းရမိခဲ့ပြီး ဒေသကာလပေါက်ဈေးအရ ငွေကျပ်သိန်း ၉,၆၀၀ ခန့်တန်ဖိုးရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် ၎င်းတို့ ၅ ဦးကို တာချီလိတ်မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသည်ဟု ဆိုသည်။
ထို့အပြင် အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်သည့် ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်စုံစမ်းနေသည်ဟုလည်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်တွင်ဆိုသည်။
#MeKongNews
#ရှမ်းရှေ့
#တာချီလိတ်
#မူးယစ်ဆေး
#ဖမ်းမိ








