မဲခေါင်၊ ဇူလိုင် ၁၇
ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ ကိုယောင်းဆင်ခြေဖုံးရပ်ကွက်ရှိ ဂါဒီနာချောင်းဧရိယာတွင် အမျိုးသမီး ၂ ဦး မနက်ခင်းလမ်းလျှောက်ထွက်စဉ် အမျိုးသားတစ်ဦး ခြုံထဲမှ ခုန်ထွက်လာပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက် မှုပြုလုပ်ရာ ခွေးတစ်အုပ်က လိုက်ဆွဲသဖြင့် အသည်းအသန် ထွက်ပြေးသွားရသည့် ဗီဒီယိုမှတ်တမ်းကို မီဒီယာ များက ဖော်ပြလာကြသည်။
အသက် ၆၇ နှစ်နှင့် ၃၉ နှစ်အရွယ်အမျိုးသမီး၂ ဦး ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၀ မိနစ်၌ ဂါဒီနာချောင်း အနီးလမ်းလျှောက်ထွက်စဉ် ခုန်ထွက်လာသော အမျိုးသားသည် အမျိုးသမီးတစ်ဦးကို ဖမ်းဆုပ်ကိုင်လိုက်ချိန် ယင်း အမျိုးသမီးက ရုန်းထွက်နိုင်ပြီးနောက် နောက်အမျိုးသမီးကိုပါ ထပ်မံဖမ်းဆုပ်ခဲ့ခြင်းဖြစ်သည်။
ထိုအခြေအနေတွင် ၈ ကောင်ပါသော အရွယ်အစား၊ မျိုးရိုးမတူသည့် ခွေးတစ်အုပ်ထဲမှ ခွေး ၆ ကောင်သည် ယင်း အမျိုးသားကို လိုက်ဆွဲရာ ချော်လဲသည်အထိ ထွက်ပြေးခဲ့ပြီး ဥမင်တစ်ခုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားမှ ခွေးများက ဆက်မလိုက်တော့ခြင်း ဖြစ်သည်။
ဗစ်တိုးရီးယားရဲတပ်ဖွဲ့က ခွေးများလိုက်ဆွဲသဖြင့် ယင်းကျူးလွန်သူအမျိုးသား၏ ဘောင်းဘီအောက်ပိုင်း အစအနများ ပြဲကျန်ခဲ့ကြောင်း၊ ထိုအမျိုးသားသည် အာဖရိကန်တစ်ဦးဖြစ်မည်ဟု ယူဆကာ အနက်ရောင် ထရက်ဆု၊ ခြေအိတ်အဖြူ၊ အမဲနှင့် မီးခိုးရောင်ခေါင်းစွပ်ပါအင်္ကျီ၊ မျက်နှာဖုံးစွပ်အမဲတို့ကို ဝတ်ဆင်ထားသည် ဟု ထုတ်ပြန်ခဲ့သည်။
ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သော ကျူးလွန်သူရုပ်သွင်ပြင် ခန့်မှန်းမှုပုံကို ထုတ်ပြန်ကာ သိရှိသူများ ရှေ့ထွက် သတင်းပေးကြပါရန်လည်း ဗစ်တိုးရီးယားရဲတပ်ဖွဲ့က နှိုးဆော်ထားသည်။
ယင်းအမျိုးသားထွက်ပြေးပြီး ခွေးလိုက်ဆွဲခံရမှုကို ကျူးလွန်ခံရသည့် အမျိုးသမီးတစ်ဦးက မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#မဲလ်ဘုန်း
#အမျိုးသမီး
#လိင်ပိုင်းဆိုင်ရာ
#ခွေးတစ်အုပ်
#လိုက်ဆွဲ








