မဲခေါင်၊ ဧပြီ ၂၈
ယခုနှစ်အတွင်း ရှမ်းတောင်ထွက် ငရုတ်သီးခြောက်များတွင် မှိုပိုးဓာတ်ကြွင်းများ တွေ့ရှိရခြင်းကြောင့် စျေးကွက်အခြေအနေ ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။
ယင်းပြဿနာကြောင့် ပြည်ပတင်ပို့မှုများလည်း အဟန့်အတားများ ကြုံတွေ့ခဲ့ပြီး ငရုတ်သီးတင်ပို့သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလည်ပတ်မှုတွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြသည်ဟု လုပ်ငန်းရှင်များက ပြောသည်။
“ဒီနှစ်မှာ ရှမ်းတောင်ထွက် ငရုတ်သီးများပေမယ့် စျေးမကောင်းတော့ တောင်သူတွေအနေနဲ့ အရမ်းထိခိုက်တယ်။ နောက်နှစ်ဆို လျှော့စိုက်ဖို့ စဉ်းစားနေရပါတယ်” ဟု တောင်သူတစ်ဦးက ပြောသည်။
ထို့ကြောင့် တောင်သူများအနေဖြင့် လာမည့်နှစ်တွင် ငရုတ်သီးစိုက်ပျိုးမှုကို အလျှော့အတင်း စဉ်းစား ဆောင်ရွက်သင့်ကြောင်း အကြံပြုမှုများ ထွက်ပေါ်လာသည်။
“နိုင်ငံခြား တင်ပို့တဲ့ဘက်မှာလည်း စစ်ဆေးမှုတွေ တင်းကျပ်လာတော့ ပစ္စည်း ပြန်လည်ပယ်ချခံရတာတွေ ရှိတယ်။ ကုမ္ပဏီတွေ အနေနဲ့ အရှုံးကြီးကြုံရတဲ့ နှစ်တစ်နှစ်ပါပဲ” ဟု ရှမ်းတောင်ဒေသ ငရုတ်ပွဲစားတစ်ဦးက ဆိုသည်။
သုတေသနများအရ ငရုတ်သီးခြောက်များတွင် တွေ့ရှိရသော မှိုပိုးတစ်မျိုးသည် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပါက အသည်းတွင် စုပေါင်းတည်ရှိနိုင်ပြီး အသည်း၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။
တစ်ဖက်တွင်လည်း စားသုံးသူများအနေဖြင့် ငရုတ်သီးအသုံးပြုရာတွင် သေချာစွာ စစ်ဆေးပြီး အသုံးပြုသင့်ကြောင်း၊ အထူးသဖြင့် ငရုတ်သီးတစ်တောင့်ချင်းကို ခွဲစစ်ပြီးမှသာ စားသုံးရန် အကြံပြုထားကြသည်။
#MeKongNews
#ရှမ်းတောင်
#ငရုတ်သီးခြောက်
#မှိုပိုးဓာတ်ကြွင်း
#စျေးကွက်
#ထိခိုက်








