မဲခေါင်၊ မတ် ၂၃
ကိုးကန့်တပ်ဖွဲ့ – MNDAA က ကွတ်ခိုင်မြို့ကို သိမ်းပိုက်ပြီးနောက် CDM ဆရာဝန်များ ဦးဆောင်ဖွင့်လှစ်ထားသည့် ကွတ်ခိုင် သူနာပြုကောလိပ် – ADN ကျောင်းကို မွှေနှောက် ဖျက်ဆီးခဲ့ကြောင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ကွတ်ခိုင် ADN ကျောင်းကို MNDAA က မွှေနှောက်ဖျက်ဆီးပြီးနောက် ကျောင်းအတွင်းရှိ လိုချင်သည့် ပစ္စည်းများကို သွားယူကြရန် ကျောင်းအနီးရှိ ကျေးရွာများကို ပြောဆိုသဖြင့် ရွာခံများကလည်း ယမန်နေ့ မတ်၂၂ ရက်တွင် ကျောင်းအတွင်းသို့ ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းများကို ထပ်မံယူသွားကြဟု သတင်းရင်းမြစ်များက ပြောသည်။
“ကွတ်ခိုင်ကို သိမ်းပိုက်ခါနီး အချိန်ကတည်းက ကိုးကန့်တပ်တွေက အဲ့ကျောင်းကို ရောက်နေပြီ၊ ကိုးကန့်တပ်တွေက ၁၆၊ ၁၇ ရက်ကတည်းက တစ်ကျောင်းလုံးကို ဝင်မွှေပြီးသွားပြီ။ မနေ့ကမှ ရွာသားတွေကို ကြိုက်တာ လာယူလိုက်ဆိုပြီးတော့ ပြောလို့ ရွာသားတွေကလည်း မနေ့ကမှ သွားယူကြတာ။ လာယူတဲ့အချိန်မှာ ဆရာ ဆရာမတွေကလည်း ကျောင်းကို ပြန်သွားကြည့်လို့ ရပြီဆိုတော့ သွားကြည့်တော့ ရွာသားတွေနဲ့ တွေ့တာ”ဟု ကွတ်ခိုင်မြို့ရှိ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ADN ကျောင်းသည် ပြည်သူအကျိုးပြု ကျောင်းဖြစ်သဖြင့် မြို့ကို သိမ်းပိုက်သည့် မည်သည့်အဖွဲ့အစည်းမဆို ကျောင်းကို ကာကွယ်ပေးရန် လုပ်ဆောင်သင့်ကြောင်းလည်း ၎င်းသတင်းရင်းမြစ်က ပြောသည်။
“ပြည်သူအကျိုးပြု ကျောင်းတွေမလို့ မြို့ကို သိမ်းလည်း ဒီလိုနေရာကို ဆက်လက် ကာကွယ်ပေးရမှာလေ။ အခုကျ ကျောင်းသူကျောင်းသားရဲ့ ကျန်ခဲ့တဲ့ ပစ္စည်းတွေရော ကျောင်းပစ္စည်း ဗီဒိုစတာတွေရော တစ်ကျောင်းလုံး အများအပြား ပျက်စီးကုန်တယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်ကျောင်းကို တအာင်းတပ်ဖွဲ့ – TNLA က ကွတ်ခိုင်မြို့ကို သိမ်းပိုက်ပြီးသည့်နောက် CDM ဆရာဝန်များက ဦးဆောင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ သူနာပြုဘာသာရပ်ကို သင်ကြားပေးနေသည့်ကျောင်းဖြစ်သည်။
“ကိုးကန့်တပ်က ထိုးစစ်လုပ်တဲ့ အချိန်မှာ ကျောင်းသူ၊ ကျောင်းသားတွေက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လွတ်ရာကို ပြေးနိုင်ကြပေမယ့် ကျန်ခဲ့တဲ့ ပစ္စည်းတွေကတော့ ရစရာမရှိအောင် ဖျက်ဆီးခံလိုက်ရတာ။ အခုတော့ ကျောင်းကိုလည်း ပြန်ဖွင့်ဖို့ မလွယ်တော့ဘူး”ဟု ကွတ်ခိုင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်းသူနာပြုကောလိပ်ကို ဖွင့်လှစ်နိုင်ရန် ကျပ်သိန်းထောင်ချီ အကုန်ကျခံ ပြင်ဆင်ထားခဲ့ရသော်လည်း ယခုတွင်မူ ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။
ကိုးကန့်တပ်ဖွဲ့ – MNDAA သည် ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင် သိမ်းပိုက်သည့် အချိန်တွင်လည်း ကွတ်ခိုင်ဒေသခံ ပြည်သူ ၉ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။
#MeKongNews
#CDM
#ဆရာဝန်များ
#သူနာပြုကောလိပ်
#MNDAA
#ဖျက်ဆီး








