မဲခေါင်၊ မတ်၂၀
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အားကစားကွင်း အရှေ့ဘက်ရှိ လူနေတိုက်ခန်းများအား ယနေ့မတ်၂၀ ရက်တွင် နောက်ဆုံးထား၍ ပြောင်းရွှေ့ရန်စာထုတ်ထားပြီး ဖြစ်သဖြင့် အကယ်၍ မပြောင်းရွှေ့ပါက အင်အားသုံး ဖယ်ရှားခံရနိုင်ကြောင်း နေထိုင်သူများထံမှ သိရသည်။
ယင်းသို့ ပြောင်းရွှေ့ရမည်ကို ပြန်လည်သုံးသပ်ပေးရန် တိုက်ခန်းနေပြည်သူများက တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ မည်သို့မျှ အကြောင်းမထူးသေးဟု တိုက်ခန်းပိုင်ရှင်များက ပြောသည်။
“မဖြစ်မနေ ပြောင်းပေးရမယ်ဆိုပြီး ဝန်ခံကတိတွေကို ဖိအားပေး လက်မှတ်ထိုးခိုင်းတယ်။ ပြောင်းဖို့အခြေအနေ မပေးတဲ့သူတွေကတော့ လက်မှတ်မထိုးကြဘူး။နေစရာ ပြောင်းစရာမရှိလို့ လာဖျက်တဲ့အထိ နေကြမယ် ပြောတယ်”ဟု တိုက်ခန်းနေသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယင်းတိုက်ခန်းများကို ဝယ်ယူစဥ်က သဘောတူညီချက်များအရ ၎င်းတို့အား နှင်ထုတ်ရန်အကြောင်းကြားထားခြင်းနှင့် ပတ်သက်၍ ဥပဒေအရ ပြန်လည် သုံးသပ်ပေးရန် နေထိုင်နေသည့် ပိုင်ရှင်များနှင့် အငြိမ်းစားဝန်ထမ်းများကသက်ဆိုင်ရာဌာနများထံ တင်ပြထားကြောင်း သိရသည်။
၂၀၀၁ ခုနှစ်တွင် ရတနာထွန်း ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပြည်နယ် အား/ကာ ဦးစီးဌာနတို့အကြား သဘော တူစာချုပ်ဖြင့် တိုက်ခန်းများကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများနှင့် အများပြည်သူများအတွက် နေထိုင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာတိုက်ခန်းများအား ရာသက်ပန်နေထိုင်ခွင့်၊ လွှဲ ပြောင်းရောင်းချခွင့်စသည့် အာမခံချက်များဖြင့် ကြော်ငြာပြီး အရစ်ကျစနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သဖြင့် ယင်းအပေါ် ယုံကြည်၍ ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း တိုက်ခန်းနေသူများက ပြောသည်။
ထို့ပြင် ဝယ်ယူနေထိုင်ခဲ့သူများ အနေဖြင့် စတင်ဝယ်ယူချိန်မှ ယနေ့အထိ ငှားရမ်းခနှင့် သက်ဆိုင်ရာ အခွန်များကို မပျက်မကွက် ပေးသွင်းကာ စနစ်တကျ နေထိုင်လာကြပြီး မည်သည့်အချိန်တွင်မျှ ကျူး ကျော် နေထိုင်သူများ မဟုတ်ကြောင်းလည်း တင်ပြချက်တွင် ဖော်ပြထားသည်။
သို့သော်လည်း လက်ရှိတွင် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ( နှင်ထုတ်ခြင်း) အက်ဥပ ဒေအရ ဖယ်ရှားရှင်းလင်းရန် အကြောင်းကြားစာ ပေးပို့ခံထားရကြောင်း သိရသည်။
တိုက်ခန်းနေ ထိုင်သူများကမူ ၎င်းတို့သည် ဥပဒေအရ တရားဝင် ဝယ်ယူထားသူများဖြစ်သည့် အတွက် နှင်ထုတ်ခြင်းဥပဒေနှင့် မသက်ဆိုင်ကြောင်း ထောက်ပြကာ မိမိတို့၏ ရပိုင်ခွင့်နှင့် ဂုဏ်သိက္ခာ မနစ်နာစေရန် လူသားချင်း စာနာမှုဖြင့် သင့်လျော်သော ဖြေရှင်းနည်းများ ပြန်လည်စဉ်းစားပေးရန် တောင်းဆိုထားကြောင်း သိရသည်။
လက်ရှိတွင် ဆိုင်ခန်းများမှာမူ အမိုးနှင့် တံခါးစသည့် ပြန်လည် အသုံးပြုနိုင်မည့် ပစ္စည်းများကို ပိုင်ရှင်များက ကိုယ့်အစီအစဥ်ဖြင့်ကိုယ် ဖျက်သိမ်းယူနေကြသလို တိုက်ခန်းမှ ပစ္စည်းများလည်း ရွှေ့ပြောင်းနေကြကြောင်း သိရသည်။
“လောလောဆယ်တော့ မီတာတွေ လာမဖြုတ်သေးဘူး၊ အရင်ဆုံး ခြံစည်းရိုးကာမယ် ပြောတယ်။ တိုက်ခန်းဘက်တော့ လူနည်းနည်းပဲ ရွှေ့ကြတယ်’ဟု တောင်ကြီး သစ်တောရပ်ကွက်နေသူတစ်ဦးက ယနေ့တွင် မဲခေါင်သို့ ပြောသည်။
တောင်ကြီးအားကစားကွင်းပတ်လည်တွင် ကားပစ္စည်းဆိုင် ၁၀၇ ခန်း၊ စားသောက်ဆိုင် ၅၅ ခန်းနှင့် အား/ကာတိုက်ခန်း ၆၂ ခန်းရှိကာ ကားပစ္စည်းဆိုင်များမှာ ညိုမီးဘက်နှင့် စားသောက်ဆိုင်များမှာ အဝေရာကွင်းအနီးသို့ ပြောင်းရွှေ့ရမည်ဖြစ်ပြီး အား/ကာတိုက်ခန်းများမှာမူ အေးသာယာမြို့ရှိမင်းကျန်စစ်အိမ်ရာသို့ ပြောင်းရွှေ့ကြရမည်ဖြစ်ကြောင်း သိရသည်။
ယင်းဈေးဆိုင်ခန်း၊ တိုက်ခန်းများနေရာတွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာစင်တာများ တည်ဆောက်သွားမည်ဟု စစ်ကောင်စီက ကြေညာထားသည်။
#MeKongNews
#တောင်ကြီး
#အားကစားကွင်း
#လူနေတိုက်ခန်း
#အင်အားသုံး
#ဖယ်ရှား








