မဲခေါင်၊ မတ် ၅
စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် ရှမ်းနွယ်ဖွားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ – SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ကျားဖြူပါတီဥက္ကဌက ရှမ်းအစိုးရခွဲတမ်းရ ဝန်ကြီးနေရာများကို အနိုင်ရကိုယ်စားလှယ်အများစု ဆန္ဒမပြုသည့် ၎င်းစိတ်ကြိုက်လူများကိုသာ ခန့်အပ်မည်ဟု ဆိုသဖြင့် ပါတီဝင်များ အပြင်းအထန် မကျေနပ်ဖြစ်နေကြကြောင်း သိရသည်။
ကျားဖြူပါတီသည် ရှမ်းပြည်နယ်အတွင်း မြို့နယ် ၆ မြို့နယ်တွင် FPTP (အနိုင်ရသူအကုန်ယူ) စနစ်ဖြင့် အနိုင်ရခဲ့သော်လည်း၊ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အဆိုပါအနိုင်ရ ကိုယ်စားလှယ်များအစား PR (အချိုးကျကိုယ်စားပြု) စနစ်ဖြင့် တက်လာသည့် ဗမာလူမျိုးနှစ်ဦးကို ဝန်ကြီးခန့်အပ်ရန် စီစဉ်နေခြင်းအပေါ် ပါတီဝင်များနှင့် ရှမ်းလူမျိုးအများစုက ကန့်ကွက်နေကြခြင်းဖြစ်သည်။
“ဦးစိုင်းအိုက်ပေါင်းက ဥက္ကဋ္ဌဆိုပြီး ဘယ်သူ့မျက်နှာမှမကြည့်ဘဲ လုပ်နေတာ။ ရှမ်းပြည်နယ်မှာ ဝန်ကြီးနေရာရရင် တစ်ယောက်ကို ဗမာ၊ တစ်ယောက်ကို ရှမ်း ခန့်စေချင်ကြတာ။ အများစုကတော့ ရှမ်းလူမျိုးကိုပဲ ဦးစားပေးခန့်စေချင်တာကို သူက ပါတီဝင်တွေနဲ့ အနိုင်ရကိုယ်စားလှယ်တွေကို မထောက်ထားဘဲ လုပ်ချင်ရာလုပ်နေတယ်” ဟု ကျားဖြူပါတီဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
စိုင်းအိုက်ပေါင်းက ဝန်ကြီးနေရာအတွက် လျာထားသူများမှာ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ၎င်း၏ PSO (ကိုယ်ရေးအရာရှိ) လုပ်ခဲ့သူ စစ်တပ်မှ ဗိုလ်မှူးဟောင်း မင်းထွန်းအောင်နှင့် တာချီလိတ်မှ မြေပွဲစား ထွန်းပေါ်သိန်းတို့ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ PR စနစ်ဖြင့် ပြည်နယ်ကိုယ်စားလှယ် ဖြစ်လာသူများဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ကျားဖြူပါတီ EC တစ်ဦးက “ဒါနဲ့ပတ်သက်ပြီး ဗဟို CEC အစည်းအဝေး ခေါ်တာမရှိသေးဘူး။ လျာထားတာကတော့ ၃ နေရာရရင် ရှမ်းတောင်၊ မြောက်၊ အရှေ့ တစ်ဦးစီခန့်ဖို့ ကြားတယ်” ဟု ဆိုသည်။
ကျားဖြူပါတီသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် မိုးနဲ၊ လဲချား၊ ကျေးသီး၊ မိုင်းကိုင်၊ လင်းခေးနှင့် သီပေါမြို့နယ်တို့တွင် FPTP စနစ်ဖြင့် အနိုင်ရရှိထားသည်။
“FPTP အနိုင်ရသူတွေက လူထုရဲ့ တကယ့်ထောက်ခံချက်ရတာ။ သူတို့က လူထုအကျိုးလုပ်မယ့်သူမို့ မဲပေးခဲ့ကြတာ။ PR တွေက လူထုဆန္ဒမဲအစစ် မဟုတ်ဘူး” ဟု အခြားပါတီဝင်တစ်ဦးက ဝေဖန်သည်။
စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် မတ်လ ၄ ရက်တွင် ထုတ်ပြန်သည့် အမိန့်အရ တိုင်းနှင့် ပြည်နယ်ဝန်ကြီးနေရာများကို အနည်းဆုံး ၅ နေရာမှ အများဆုံး ၁၀ နေရာအထိသာ ကန့်သတ်ခန့်အပ်ရမည်ဟု ပါရှိကြောင်း သိရသည်။
#MeKongNews
#ရှမ်းပြည်
#စစ်ကောင်စီ
#ရွေးကောက်ပွဲ
#ကျားဖြူပါတီ








