မဲခေါင်၊ ဖေဖော်ဝါရီ ၆
ဖေဖော်ဝါရီ ၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပမည့် ထိုင်းအထွေထွေရွေးကောက်ပွဲကြီးတွင် ဘောလုံး ဂျာစီများဝတ်ဆင်ကာ မဲသွားပေးမိသူများ ထောင်ဒဏ် ၆ လနှင့်ဒဏ်ငွေ ဘတ် ၁ သောင်း ကျခံရနိုင် ကြောင်း သတိပေးထုတ်ပြန်မှုများ ပြုလုပ်နေကြသည်။
ပြီးခဲ့သည့် ထိုင်းရွေးကောက်ပွဲများတွင်လည်း ထိုအဖြစ်များကြုံခဲ့ရပြီး မဲပေးသူများ နံပါတ်ပါသော ဘောလုံးဂျာစီကဲ့သလို အင်္ကျီများ ဝတ်လာသဖြင့် ပြန်လဲခိုင်း၊ ချွတ်ပြီးမှ မဲပေးခိုင်းရသည်များလည်း ရှိခဲ့သည်။
ရွေးကောက်ပွဲ စည်းကမ်းဥပဒေတွင် မဲပေးရသည့်နေ့ မနက် ၆ နာရီမှ ပြီးဆုံးချိန်အထိ မည်သည့် မဲဆွယ်စည်းရုံမှုမှ လုပ်ခွင့်မပြုဘဲ ၂၀၁၈ ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း အက်ဥပဒေ ပုဒ်မ ၇၉ ၌ ရွေးကောက်ပွဲနေ့တွင် မဲရုံအတွင်းမည်သူမျှ ပါတီဆိုင်ရာ လိုဂိုများ၊ ဆောင်ပုဒ်များ၊ ပါတီများအတွက် သတ်မှတ်ပေးထားသည့် နံပါတ်များပါသည့် ဝတ်စုံများ ဝတ်လာခြင်းမပြုရ၊ ထိုသို့ ဝတ်ဆင်လာလျှင် တရားမဝင် မဲဆွယ်ကာ ကိုယ်စားလှယ် လောင်းများအပေါ်တွင်လည်း မမျှတသည့် ဖြစ်စဉ်များ ဖြစ်လာနိုင်သောကြောင့် ထောင်ဒဏ် ၆ လ၊ ဒဏ်ငွေ ဘတ် ၁၀၀၀၀ ချမှတ်မည်ဟု ပြဌာန်းထားသည်။
ထို့ကြောင့် နံပါတ်များပါသည့် ဘောလုံးဝတ်စုံများဝတ်ကာ မဲလာပေးသူများ ထောင်ဒဏ်နှင့်ငွေဒဏ် ကျခံရနိုင်ကြောင်း ထိုင်းလူမှုအသိုင်းအဝိုင်းနှင့် မီဒီယာများက သတိပေးထုတ်ပြန်နေကြခြင်းဖြစ်သည်။
ကိုကလင်း
Ref: thaipbs
#MeKongNews
#ထိုင်းနိုင်ငံ
#ရွေးကောက်ပွဲ
#ဘောလုံးဂျာစီ
#ပါတီ








