မဲခေါင်၊ ဇန်နဝါရီ ၂၀
ပြီးခဲ့သည့် သီတင်းပတ်အတွင်း အီတလီ – ထိုင်းဆောက်လုပ်ရေးလုပ်ငန်း – ITD က လုပ်ကိုင်နေသော ဆောက်လုပ်ရေး လုပ်ငန်းခွင် ၂ ခုတွင် လူသေဆုံးခဲ့သည့် မတော်တဆမှုများ ဖြစ်ခဲ့ပြီးနောက် ယင်းဆောက်လုပ်ရေး ကန်ထရိုက်များကို ဖျက်သိမ်းသွားရန် ထိုင်းအစိုးရ ရထားလုပ်ငန်း – SRT နှင့် အဝေးပြေးဌာနကို ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က ထပ်မံ ပြောကြားသည်။
အမြန်ရထားလမ်း တည်ဆောက်ရေး ကန်ထရိုက်နှင့် M82 မိုးပျံအဝေးပြေးလမ်းမ ကန်ထရိုက်စာချုပ်များကို ဖျက်သိမ်းရန် ၎င်းဌာန ၂ ခုအနေဖြင့် ကန်ထရိုက်ပါ အချက်များဖြင့် ချုပ်နှောင်မခံဘဲ စီမံခန့်ခွဲရေး ဥပဒေများကို အသုံးချနိုင်သည်ဟု အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် ဝန်ကြီးချုပ်အနုတင်က ဆိုသည်။
ဆက်လက် လုပ်ဆောင်နေသော တည်ဆောက်ရေး လုပ်ငန်းများသည် အများပြည်သူ လုံခြုံရေးအတွက် ခြိမ် ခြောက်မှု ဖြစ်နေပြီး ပြည်သူလူထု၏ အကျိုးစီးပွားကိုလည်း ထိခိုက်သောကြောင့် အုပ်ချုပ်ရေး ဥပဒေအရ စာချုပ် ဖျက်သိမ်းရေးကို လုပ်ဆောင်သင့်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ရာမာ -၂ အဝေးပြေးလမ်းမပေါ်မှ M82 မိုးပျံအဝေးပြေးလမ်းပေါ်တွင် ယနေ့ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍လည်း အထောက်အထားများကို ဖျက်ဆီးပစ်ရန် လုပ်ဆောင်သည်ဆိုသော ပြောဆိုမှုများကို ၎င်းက ပယ်ချပြီး ယင်းနေရာတွင် အာဏာပိုင်မျာက ဓာတ်ပုံများရိုက်ယူထားပြီး ဖြစ်ကြောင်းနှင့် အရေးပါသော အထောက်အထားမှာ ပြိုကျနေသော ကရိန်းပင်ဖြစ်သည်ဟု အနုတင်က ဆိုသည်။
ပြီးခဲသည့် ဇန်နဝါရီ ၁၄ ရက်က ဘန်ကောက်မှ ၁၃၅ မိုင်ခန့်အကွာ နာခွန်ရက်ချာဆီမာဒေသမှ အမြန်ရထားလမ်း စီမံကိန်းတွင် ဝန်ချီကရိန်းကြီးတစ်ခု ခရီးသည်တင် ရထားတစ်စီးပေါ် ပြိုကျခဲ့ရာ လူ ၃၂ သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။
နောက်တစ်ရက်အကြာ ဇန်နဝါရီ ၁၅ ရက်တွင်လည်း စမွတ်ဆခွန်ပြည်နယ်၊ မူအန်းခရိုင်မှ မိုးပျံအဝေးပြေးလမ်းမ လုပ်ငန်းခွင်တွင် ကရိန်းနှင့် ကွန်ကရစ်ပြားကြီး ပြိုကျခဲ့ရာ ကား ၂ ပြီး စီးပေါ်ပိမိပြီး ယာဉ်မောင်း ၂ စလုံး သေဆုံးခဲ့သေးသည်။
ထိုသို့ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သော မတော်တဆမှုများသည် ရင်းနှီးမြုပ်နှံသူများနှင့် ခရီးသွားများကြား ယုံကြည်မှု ထိခိုက်သည်သာမကာ ပြည်သူလူထုကြားတွင်လည်း ယုံကြည်မှု ကျဆင်းလာခဲ့သည်ဟု ဝန်ကြီးချုပ် အနုတင်က ဆက်ပြောသည်။
ဆောက်လုပ်ရေး လုပ်နေသော ရာမာ -၂ လမ်းမကို ယာဉ်မောင်းများက ရှောင်ကွင်း မောင်းနှင်နေကြ၍ ဖက်ခါဆင် လမ်းမတွင် ယာဉ်ကျော ကြပ်နေသည်ကို ၎င်းက ထောက်ပြ ပြောဆိုသည်။
အေးကျော်
Ref:The Nation
#MeKongNews
#မတော်တဆမှု
#ITD
#ကန်ထရိုက်
#ဖျက်သိမ်းရေး
#ထိုင်းဝန်ကြီးချုပ်








