မဲခေါင်၊ ဒီဇင်ဘာ ၃၀
ကျွန်းနိုင်ငံအား တားဆီးပိတ်ဆို့သည့် ပုံစံဖြင့် ထိုင်ဝမ်အနီးမှ တရုတ်တပ်ဖွဲ့များ၏ စစ်ရေး လေ့ကျင့်မှုများကို ၎င်းအနေဖြင့် စိုးရိမ်ပူပန်ခြင်း မရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။
“ကျွန်တော်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ကြီးကျယ်တဲ့ ဆက်ဆံရေးရှိပါတယ်။ သူက ကျွန်တော့်ကို စစ်ရေးလေ့ကျင့်မှုအကြောင်း ဘာမှမပြောပါဘူး။ သေချာပေါက် မြင်ဖူးပါတယ်” ဟု ယမန်နေ့ သတင်း စာရှင်းလင်းပွဲတွင် ထရမ့်က ပြောသည်။
“နိုး၊ ကျွန်တော့်ကို မစိုးရိမ်စေပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက် အဲဒီနေရာမှာ သူတို့က ရေတပ်လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိရှိသော ထိုင်ဝမ်သို့ အကြီးမားဆုံး လက်နက်ရောင်းချမှုကို အမေရိကန်က ကြေညာပြီးနောက် သီတင်း နှစ်ပတ်အကြာတွင် တရုတ်တို့၏ နှစ်ရက်ကြာ စစ်ရေး လေ့ကျင့်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယင်းလက်နက် ရောင်းချမှုသည် ထိုင်ဝမ်အား ခွဲထွက်ပြည်နယ် တစ်ခုအဖြစ် သဘောထားသော ပေကျင်းကို အမျက် ထွက်စေခဲ့သည်။
ကျွန်းနိုင်ငံ၏ အရေးပါသော ဧရိယာများကို တားဆီးပိတ်ဆို့ သိမ်းပိုက်သည့်ပုံစံ သရုပ်ပြ လေ့ကျင့်မှုများသည် ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်အင်အားစုများနှင့် ပြင်ပ စွက်ဖက်မှုများအား သတိပေးခြင်း ဖြစ်ကြောင်း တရုတ်စစ်ဘက်က ဆိုသည်။
တရုတ်၏ ယနေ့ လေ့ကျင့်မှုများအတွင်း ထိုင်ဝမ် ပတ်ပတ်လည် နေရာ ၅ ခု၏ ရေပြင်နှင့် ဝေဟင်တွင် ကျည်အစစ်များဖြင့် ၁၀ နာရီကြာ ပစ်ခတ်မှုများကို မြင်တွေ့ရမည် ဖြစ်သည်။
စစ်ဘက်၏ ရေပြင်နှင့် ဝေဟင် ပူးပေါင်းဆောင်ရွက်မှု နှင့် စုပေါင်း ထိန်းချုပ်နိုင်စွမ်းများကို စမ်းသပ်ရန် ဖျက်သင်္ဘောများ၊ ဖရီးဂိတ်သင်္ဘောများ၊ ဗုံးကြဲတိုက်လေယာဉ်များကို ထည့်သွင်း အသုံးပြုသွားမည်ဟု ထိုင်ဝမ် ရေလက်ကြား တာဝန်ခံ တရုတ် အရှေ့တိုင်းစစ်ဌာနချုပ်က ပြောသည်။
ကျွန်းနိုင်ငံ အနီးတဝိုက်တွင် တရုတ်စစ်လေယာဉ် အစီး ၁၃၀ ခန့်ကို ထောက်လှမ်းသိရှိခဲ့ပြီး တရုတ်စစ်သင်္ဘော တစ်ဒါဇင် ကျော်ကို မြင်တွေ့ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ယင်းအခြေအနေကို ထိုင်ဝမ် လက်နက်ကိုင်တပ်ဖွဲ့က စောင့်ကြည့်နေပြီး ၎င်းတို့၏ လေယာဉ်များ၊ သင်္ဘောများနှင့် ကမ်းရိုးတန်း ဒုံးကျည်စနစ်များကိုလည်း ချထားကြောင်း ဝန်ကြီးဌာနက ဆက်ပြောသည်။
ယင်းလေ့ကျင့်မှုများကို နိုင်ငံတကာ စံနှုန်းများအား စိန်ခေါ်မှုအဖြစ် ထိုင်ဝမ်သမ္မတရုံးက ဝေဖန်ပြောကြားခဲ့သည်။
ထိုင်ဝမ်မှ လွတ်လပ်ရေး လိုလားသော အင်အားစုများ၏ အဆက်မပြတ် လှုံ့ဆော်မှုများနှင့် အမေရိကန်၏ ကြီးမားသော လက်နက် ရောင်းချမှုများကို တရုတ်က အခိုင်အမာ တုံ့ပြန်ရမည် ဖြစ်ကြောင်း နိုင်ခြားရေးဝန်ကြီး ဝမ်ယီက အင်္ဂါနေ့တွင်ပြောကြားသည်။
ထိုင်ဝမ်နှင့် ပြည့်စုံသော အမျိုးသားပြန်လည် ပေါင်းစည်းမှုမှာ မိမိတို့ ပြီးစီးအောင် ဆောင်ရွက်ရမည့် သမိုင်းဝင်မစ်ရှစ် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အေးကျော်
Ref: BBC
#MeKongNews
#ထိုင်ဝမ်
#တရုတ်
#စစ်ရေးလေ့ကျင့်မှု
#ထရမ့်








