မဲခေါင်၊ ဒီဇင်ဘာ ၂၃
စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အဖွဲ့ဝင် ၃၃ ဦးတွင် ပါဝင်ခဲ့သည့်အတွက် PNO ဥက္ကဌ ခွန်စံလွင်မှာ NUG အစိုးရ၏ အကြမ်းဖက်သမားစာရင်းတွင် ပါဝင်ခဲ့ပြီး ဖမ်းဆီးရမိနိုင်ရေး NUG ဘက်မှ ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ရက်တွင် ကြေညာသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ခွန်စံလွင်အပါအဝင် ၃၃ဦးကို NUG – အမျိုးသားညီညွတ်ရေးအစိုးရမှ အကြမ်းဖက်သမားများအဖြစ် ဇူလိုင်လ ၃၁ရက်တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၁ရက်တွင်မူ ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်ဟု ထပ်မံ ကြေညာလာခြင်းဖြစ်သည်။
ယင်း ၃၃ ဦးကို ဖမ်းဆီးရမိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် NUG က တိုက်တွန်းနှိုးဆော်ထားသည်။
ခွန်စံလွင်ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ခွန်စံလွင်၏ ဖခင်ဖြစ်သူ ဦးလှဖေမှာ စစ်အုပ်စုကို တော်လှန်ခဲ့သည့် ပအိုဝ်းအမျိုးသားခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း သားဖြစ်သူ ခွန်စံလွင်မှာမူ စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသူဟု ပအိုဝ်းတော်လှန်ရေးအင်အားစုများ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရသူလည်း ဖြစ်သည်။
NUG က အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကြေညာသူ ၃၃ ဦးတွင်- ၁။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂။ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၃။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၄။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၅။ ဗိုလ်ချုပ်ကြီး မြထွန်းဦး ၆။ ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၇။ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ၈။ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ၉။ ဖဒိုမန်းငြိမ်းမောင် ၁၀။ ဦးသိန်းညွန့် ၁၁။ ဦးခင်မောင်ဆွေ ၁၂။ ဒေါ်အေးနုစိန် ၁၃။ Jeng Phang နော်တောင် ၁၄။ ဦးမောင်းဟာ ၁၅။ ဦးစိုင်းလုံးဆိုင် ၁၆။ စောဒန်နီယယ် ၁၇။ ဒေါက်တာဗညားအောင်မိုး ၁၈။ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ၁၉။ ဦးရွှေကြိမ်း ၂၀။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၂၁။ ဦးဝဏ္ဏမောင်လွင် ၂၂။ ဒေါ်ဒွဲဘူ ၂၃။ ပိုးရယ်အောင်သိန်း ၂၄။ ပူဂင့်ကမ်းလျန် ၂၅။ ဦးမောင်ကို ၂၆။ ဒေါက်တာအောင်ကျော်မင်း ၂၇။ ဒေါက်တာကျော်ထွန်း ၂၈။ ခွန်စံလွင် ၂၉။ ဦးရန်ကျော် ၃၀။ ဒေါက်တာမှုထန် ၃၁။ ဒေါက်တာဘရွှေ ၃၂။ ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ၃၃။ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော တို့ ပါဝင်သည်။
#MeKongNews
#ခွန်စံလွင်
#PNO
#အကြမ်းဖက်သမား
#ဦးလှဖေ
#NUG








