မဲခေါင်၊ ဒီဇင်ဘာ ၂၂
ကမ္ဘာ့ သွေးအအေးဆုံးနှင့် အရက်စက်ဆုံးဟု ယူဆရပြီး သံမဏိမျက်နှာကဲ့သို့ အတင်းမာဆုံး သွင်ပြင်ရှိသည့် ရုရှားသမ္မတပူတင်က လက်ရှိတွင် အချစ်ရေး ရှိနေဆဲဖြစ်ကြောင်း ၂၀၂၅ နှစ်ကုန် နှုတ်ဆက်မိန့်ခွန်းနှင့် အင်တာဗျူးကဏ္ဍအတွင်း ထူးဆန်းစွာ ဝန်ခံသွားခဲ့သည်။
နှစ်ကုန် အမေးအဖြေကဏ္ဍကို ပူတင်က နှစ်စဉ် လက်ခံဖြေကြားလေ့ ရှိသည့်အတိုင်း ယခုနှစ်အတွက် မေးမြန်းမှုများအတွင်း 360° မီဒီယာ အစီအစဉ်တင်ဆက်သူ အိုရီခိုဗာက ၇၃ နှစ်အရွယ် ပူတင်အား အချစ်ရေး ရှိနေသေးလားဟု မေးမြန်းခဲ့ရာ “ ရှိတယ်၊ ဒီမေးခွန်းအတွက် အဖြေက မင်းအတွက် နောက်ဆုံးမေးခွန်းရဲ့ အဖြေပဲ” ဟု ဖြေကြားသွားခဲ့သည်။
ပူတင်၏ နောက်ဆုံး တရားဝင်ဇနီးသည် လျူဒမီလာဖြစ်ပြီး ၎င်းတို့ မပတ်သက်တော့သည်မှာ ကာလ ကြာမြင့်ခဲ့ကာ လက်ရှိ အသက် ၄၀ ရှိ သမီး မာရီယာနှင့် ၃၉ နှစ်သမီး ကက်ထရီနီယာတို့ကို မွေးဖွားပေးခဲ့သော လျူဒမီလာနှင့် ၂၀၁၄ ခုနှစ်တွင် တရားဝင် ကွာရှင်းခဲ့ပြီးနောက် ကိုယ်ရေးကိုယ်တာ ကိစ္စများကို ရုရှား ပြည်သူ ၁၄၅ သန်းအား အသိမပေးဘဲ လျှို့ဝှက် နေထိုင်ခဲ့သည်။
လျူဒမီလာနှင့် ကွာရှင်းပြီးနောက် ပူတင်သည် မိန်းမငယ်လေးများဖြင့် လျှို့ဝှက်စွာ တွဲခဲ့သည်ကို စုံစမ်းထောက်လှမ်း သတင်းသမားများက ဖော်ထုတ် ရေးသားမှုများ ရှိခဲ့သည်။
ပူတင်သည် မိရိုးဖလာ အိမ်ထောင်ပြုခြင်းကို အားပေးသူ ဖြစ်သော်လည်း ယောက်ျားတစ်ယောက် အနေဖြင့် သစ္စာမထားဘဲ မိန်းမများနှင့်အတူ အိပ်စက်ခွင့်ရှိသည်ဟု ခံယူသည့်အတိုင်း မိန်းကလေးများစွာနှင့် လျှို့ဝှက်စွာ ပတ်သက်ခဲ့ကြောင်း ရုရှား စုံစမ်းထောက်လှမ်း ဂျာနယ်လစ်များက ဖော်ထုတ်ခဲ့ကြသည်။
ထိုထဲတွင် ၄၆ နှစ်အရွယ်ရှိ ဖော်ချွတ်ကလပ် ပိုင်ရှင် ဆဗတ်လာနာကရီဗိုနိုဗစ်ချ် ဆိုသူနှင့် ဇာတ်လမ်း ရှိခဲ့သလို လက်ရှိတွင် ၂၂ နှစ် ရှိပြီဖြစ်သော သမီးတစ်ဦးမွေး ဖွားခဲ့သည်ဟု သိရသည့် လိုင်ဇာရိုဇိုဗာ ဆိုသော ပဲရစ်နေသမီးကို မည်သည့်အခါကမျှ ၎င်း၏ သမီးအဖြစ် အသိအမှတ် မပြုခဲ့ကြောင်းလည်း သိရသည်
ပူတင်၏ လူသိအများဆုံး ချစ်သူမှာ အိုလံပစ် ကျွမ်းဘားရွှေတံဆိပ်ဆုရှင် အသက် ၄၀ အရွယ် အလီနာ ကာဘေးဗားဖြစ်ပြီး သား ၂ ဦး မွေးဖွားပေးထားကာ လျှို့ဝှက် နန်းတော်တစ်ခုတွင် ထားရှိသည်ဟု သတင်းများ ထွက်ခဲ့သည်။
ကာဘေးဗားသည် ပူတင်အချစ်ဆုံး ချစ်သူဖြစ်သည်ဟု ဆိုကြသော်လည်း ပူတင်အသက် ၅၈နှစ်အရွယ်တွင် ၎င်း၏ ပိုက်ကွန်အတွင်း ရည်ရွယ်ချက်ရှိရှိ စီမံကိန်းချပြီး ဝင်တိုးခဲ့သည့် ရုရှားအလှမယ် အလစ်ရှာခါချီဗာ ဆိုသူသည်လည်း ပူတင်ထံသို့ ၂ ပတ် တစ်ရက်နှုန်းဖြင့် လာရောက်တွေ့ဆုံ ချစ်ကြည်နူးနေကြဆဲဟု စုံစမ်းထောက်လှမ်း ရုရှားဂျာနယ်လစ်များက ဖော်ပြခဲ့ကြသည်။
အလစ်ရှာသည် ၁၇ နှစ်အရွယ် ကတည်းက အတွင်းခံမော်ဒယ် အဖြစ် ပြက္ခဒိန်ရိုက်ကူးကာ ပူတင်ထံ ကိုယ်တိုင်အကွက်ချ တိုးဝင်ခဲ့ပြီး ကာဘေးဗား မရှိချိန်များတွင် ပူတင်အတွက် အသင့်ရှိပေးနေသူ ဖြစ်ကြောင်း ဂျာနယ်လစ်များက ဖော်ထုတ်ခဲ့သည်။
ယခုနှစ်ကုန် အမေးအဖြေကဏ္ဍတွင် အချစ်ရေးရှိကြောင်း ပူတင်က ပြောသွားသော်လည်း မည်သူ့ကို ရည်စူးမှန်း မပြောခဲ့ဘဲ လူတစ်ယောက်၏ အချစ်ရေး ကိုယ်ရေးကိုယ်တာအား မေးခြင်းမှာ လေးစားမှုမရှိခြင်း ဖြစ်သည်ဟု ယခင်ကတည်းက ပြောခဲ့ဖူးသဖြင့် မည်သည့် ရုရှားမီဒီယာမှ ပူတင်၏ချစ်သူ မည်သူဖြစ်ကြောင်း မမေးရဲကြခြင်း ဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ပူတင်
#အချစ်ရေး
#ဖွင့်ဟ
#အင်တာဗျူးကဏ္ဍ








