~ CWM ~
ထိုင်းဝန်ကြီးချုပ် အနုတင်က ထိုင်းလွှတ်တော်ကို ဖျက်သိမ်းကြောင်းဒီဇင်ဘာ(၁၂)ရက်(သောကြာနေ့)မှာ ကောက်ခါငင်ခါ ကြေညာတယ်။ နယ်စပ်မှာ စစ်မီးတောက်နေချိန်၊ ကမ္ဘောဒီးယားနဲ့ တင်းမာမှုအမြင့်ဆုံးရောက်နေချိန်မှာ အစိုးရအဖွဲ့ဖျက်သိမ်းကြောင်း ကြေညာချက်ဟာ ထိုင်းနိုင်ငံရေးလောကရဲ့ ရှုပ်ထွေးမှုကို ပြနေတယ်။ တကယ်တော့ အနုတင်က ကြာသပတေးနေ့၊ ညကတည်းက ထိုင်းပြည်သူတွေကို အာဏာပြန်အပ်မယ်ဆိုပြီး လွှတ်တော်ဖျက်သိမ်းဖို့ အရိပ်အမြွက် ပြောခဲ့ပြီးသား။ အကြောင်းကတော့ အတိုက်အခံအုပ်စုတွေက သောကြာနေ့မှာ အနုတင်အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ စီစဉ်ထားကြလို့ပါ။ အနုတင်က ကြိုတင်လက်ဦးမှုယူပြီး လွှတ်တော်ဖျက်သိမ်းကြောင်း ကြေညာလိုက်တာဖြစ်တယ်။
လွှတ်တော်ဖျက်သိမ်းလိုက်ရင် (၄၅)ရက်ကနေ (၆၀)ရက်အတွင်း ရွေးကောက်ပွဲအသစ် ပြန်ကျင်းပရမှာမို့ လာမယ့် ဖေဖော်ဝါရီမှာ ထိုင်းရွေးကောက်ပွဲသစ် ရှိမယ်လို့ ခန့်မှန်းနေကြတယ်။
ဝန်ကြီးချုပ် အနုတင်က ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း သက်ဆင်ရဲ့ သမီး ဖွေ့ထိုင်းပါတီခေါင်းဆောင် ပေတုန်ထန် အစိုးရလက်ထက်မှာ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်တယ်။
ထိုင်းနိုင်ငံရေးက ရှုပ်ထွေးတယ်ဆိုတာ ၂၀၂၃ ရွေးကောက်ပွဲမှာ တကယ်အနိုင်ရခဲ့သူက လစ်ဘရယ်ဒီမိုကရေစီသမား၊ လူငယ်မျိုးဆက်ခေါင်းဆောင် ပီတ ရွန်ဂျာရတ် ဦးဆောင်တဲ့ ရှေ့သို့ချီ(move forward) ပါတီပဲဖြစ်တယ်။ သူ့ပါတီက ဘုရင်ရဲ့ အခွင့်ထူးခံဥပဒေတွေကို ပြင်ဆင်မယ်ဆိုတော့ ဝန်ကြီးချုပ် ပရာယွတ်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေက မကြိုက်ကြဘူး။ အထက်လွှတ်တော်ရဲ့ သဘောတူညီချက်မရဘဲ အစိုးရဖွဲ့လို့မရတဲ့ အခြေအနေမှာ သက်ဆင်သမီး ပေတုန်ထန်ရဲ့ ဖွေ့ထိုင်း(pheu thai) ပါတီက ဦးဆောင်ပြီး အစိုးရဖွဲ့ခဲ့တာဖြစ်တယ်။
ပထမဆုံးဝန်ကြီးချုပ်က စီးပွားရေးလုပ်ငန်းရှင် ဆရက်ထာ ထာ့ဝီဆင်(Srettha Thavisin) ။ သူက ပါတီထဲက မဟုတ်ပေမယ့် သက်ဆင်နဲ့ ရင်းနှင်းပြီး စိတ်ချရသူဖြစ်တယ်။ ထာ့ဝီဆင် အစိုးရတက်လာပြီး တစ်နှစ်လောက်ပဲ ကြာတယ်။ အစိုးရအဖွဲ့ထဲ ထောင်ကျဖူးသူတဦး ခန့်ထားလို့ အခြေခံဥပဒေတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ထာ့ဝီဆင် ပြုတ်သွားတယ်။
ထာ့ဝီဆင် ပြုတ်သွားတော့ သက်ဆင်သမီး ပေထုန်တန် ဝန်ကြီးချုပ်ဖြစ်လာတယ်။ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်သလို သက်ဆင်လည်း ပြည်ပကပြန်လာပြီး လူရှေ့သူရှေ့ ပြန်ထွက်လာတယ်။
ဖြစ်ချင်တော့ ပြီးခဲ့တဲ့ ဇူလိုင်မှာ ကမ္ဘောဒီးယားနဲ့ နယ်စပ်အငြင်းပွားမှု ဖြစ်လာတယ်။ ထိုင်း နဲ့ ကမ္ဘောဒီးယားက နယ်စပ်ပိုင်ဆိုင်မှု အငြင်းပွားနေတာတော့ ကြာပါပြီ။ အထူးသဖြင့် သမိုင်းဝင် ဝိဟာရီ ဘုရားကျောင်းဝန်းကျင်မှာ။ ကမ္ဘောဒီးယားက ဒီနေရာဟာ သမိုင်းအရ သူတို့ပိုင်
တယ်လို့ ဆိုပြီး စစ်သားတွေ နေရာယူကနေ ပဋိပက္ခက ကြီးလာပြီး နယ်စပ်စစ်ပွဲ စ ဖြစ်တယ်။ ငါးရက်လောက် အပြန်အလှန်ပစ်ခတ်ကြတဲ့ စစ်ပွဲမှာ လူပေါင်း လေးဆယ်လောက် သေတယ်။ ဒီစစ်ပွဲကို အကြောင်းပြုလို့ ပေထုန်တန်က ပြဿနာဖြေရှင်းဖို့ကြိုးစားရင်း သံတမန်ရေးအရ စကားလုံးမှားယွင်းမှု ဖြစ်ခဲ့တယ်။ တချိန်က ဖခင်ကိုအကြောင်းပြုလို့ ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်နဲ့ ရင်းနှီးနေတော့ နယ်စပ်ကိစ္စဖုန်းဆက်မှုမှာ ထိုင်းစစ်တပ်အပေါ် အပြစ်ပုံချတဲ့ နှစ်ကိုယ်ကြားစကားပြောမိတယ်။ ဒါကို ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်က အောက်ဖဲလှန် ဖွင့်ချလိုက်ရာက ပေထုန်တန်လည်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ စစ်ဆေးအရေးယူခံရပြီး ရာထူးက ပြုတ်ခဲ့ရတယ်။
လက်ရှိဝန်ကြီးချုပ် အနုတင်က ဆေးခြောက်ပါတီလို့ခေါ်တဲ့ ဘွန်ဂျာထိုင်း (Bhumjaithai) ခေါင်းဆောင်။ ဖွေ့ထိုင်းပါတီဦးဆောင်ပြီး အစိုးရဖွဲ့တော့ သူက ပြည်ထဲရေးဝန်ကြီးဖြစ်လာတယ်။ ပေထုန်တန် နဲ့ ဟွန်ဆန်ကြား ဖုန်းဆက်စကာပြောတဲ့ပြဿနာပေါ်လာတော့ သူက ပေထုန်တန်အစိုးရအဖွဲ့ကနေ နှုတ်ထွက်လိုက်တယ်။ ဝန်ကြီးချုပ်ရာထူးက ပေထုန်တန် ဖယ်ရှားခံလိုက်ရတော့ အစိုးရသစ်ဖွဲဖို့ ဖြစ်လာပြန်တဲ့အခါ အနုတင်က ဝန်ကြီးချုပ်ဖြစ်လာတယ်။ အနုတင် ဝန်ကြီးချုပ်ဖြစ်လာဖို့ ပြည်သူ့ပါတီ(people party) နဲ့ အပေးအယူ လုပ်ခဲ့ရတယ်။ ပြည်သူပါတီဆိုတာ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရပြီး အစိုးရဖွဲ့ခွင့်မရခဲ့တဲ့ Move forward ပါတီကို အမည်ပြောင်းထားတာ။ ပြည်သူ့ပါတီခေါင်းဆောင် နတ်ထာပေါင် နဲ့ အနုတင်တို့ သဘောတူညီချက်အရ လေးလအတွင်း အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် ကြေညာရမယ်။
အခု အနုတင်က လေးလမပြည့်ခင် လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တာဖြစ်တယ်။
ထိုင်းနိုင်ငံရေးက အဲသလို ရှုပ်ထွေးတယ်။ အဲသလို ရှုပ်ထွေးနေချိန်မှာ ကမ္ဘောဒီးယားနဲ့ နယ်စပ်စစ်ပွဲက ထ ဖြစ်တယ်။ ဒီနယ်စပ်စစ်ပွဲက အောက်တိုဘာလက အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အာဆီယံကိုလာတုန်း နှစ်ဖက်ခေါင်းဆောင်တွေကို တွေ့ဆုံပြီး စစ်ရပ်စဲရေး လက်မှတ်ရေးထိုးစေခဲ့လို့ ပြီးသွားပြီလို့ ယူဆခဲ့ကြတာ။ မပြီးဘဲ အခု ဒီဇင်ဘယ(၇)ရက်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ စ ဖြစ်တယ်။
စ ဖြစ်တဲ့နေ့မှာပဲ ကမ္ဘောဒီးယားစစ်သားတွေက ပစ်လို့ ထိုင်းစစ်သား နှစ်ယောက်သေတယ်။ ထိုင်းက လက်တုန့်ပြန်တဲ့အနေနဲ့ နယ်စပ်က ကမ္ဘောဒီးယားခန်းတွေကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတယ်။ ထိုင်းဘက်က အနုတင်တို့ ပြောပုံအရ ဒီတခါ ကမ္ဘောဒီးယားစစ်တပ်ကို မှတ်လောက်သားလောက်အောင် လုပ်ရမယ်။ အရင်လို အလျှော့ပေးတော့မှာ မဟုတ်ဘူးလို့ ဆိုပြီး ခုချိန်ထိ ဒုံးပျံတွေ၊ အမြောက်တွေ၊ လေယာဉ်တွေနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေကြတာ လူပေါင်း ၂၀၀ လောက်သေပြီလို့ သတင်းတွေ ထွက်လာတယ်။
ဒီအတောအတွင်းမှာ ဝန်ကြီးချုပ်အနုတင်က ထိုင်းလွှတ်တော်နဲ့ အစိုးရအဖွဲ့ဖျက်သိမ်းကြောင်း ရုတ်တရက် ကြေညာလိုက်တာပါ။ ထူးခြားမှုက ခုလို ကမ္ဘောဒီးယား နဲ့ နယ်စပ်မှာတိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေချိန်နဲ့ တပြိုင်နက်တည်းမှာ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ( SEA games) ကို ဘန်ကောက်မြို့မှာ ကျင်းပနေတာပဲဖြစ်တယ်။ စစ်ပွဲကြားက ဆီးဂိမ်းလို့ ဆိုရမယ့် ဒီနှစ်ဆီးဂိမ်းပြိုင်ပွဲကတော့ သမိုင်းတလျှောက် အထူးခြားဆုံး ပြိုင်ပွဲလို့ ဆိုရမယ်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ( SEA games ) ရဲ့ ရည်ရွယ်ချက်က အရှေ့တောင်အာရှ (၁၁)နိုင်ငံ( အရှေ့တီမော မပါခင်က ၁၀ နိုင်ငံ) ပါဝင်တဲ့ အားကစားပြိုင်ပွဲဖြစ်ပြီး နိုင်ငံတွေအကြား စည်းလုံးညီညွတ်မှု နဲ့ ချစ်ကြည်ရင်းနှီးဖို့အတွက် (၂)နှစ်တကြိမ် ကျင်းပတာဖြစ်တယ်။ ဒါပေမယ့် ဒီနှစ် (၂၀၂၅)ဆီးဂိမ်းပြိုင်ပွဲဟာ အင်္ဂါမစုံတဲ့(နိုင်ငံမစုံတဲ့) ပြိုင်ပွဲအဖြစ်မှတ်တမ်းဝင်သွားခဲ့တယ်။ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ မစတင်မီ အချိန်လေးမှာပဲ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ စစ်ပွဲတွေ ပြန်ဖြစ်လာတယ်။ ပြိုင်ပွဲမတိုင်မီကတည်းက နှစ်နိုင်ငံတင်းမာမှုတွေ ရှိနေတော့ ကမ္ဘောဒီးယားက ဘောလုံးအပါအဝင် အားကစားနည်းတချို့ကို ဝင်မပြိုင်တော့ဘဲ အားကစားအဖွဲ့ (၈)ဖွဲ့ကိုပဲ စေလွှတ်ခဲ့တယ်။ ဒီဇင်ဘာလ(၉)ရက်နေ့က ဘန်ကောက်မြို့ ရာဇမင်္ဂလာကွင်းမှာ ကျင်းပတဲ့ ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားအားကစားအဖွဲ့ ပါဝင်တက်ရောက်ခဲ့သေးတယ်။ လူကတော့ မစုံဘူး။ အဖွဲ့ဝင် ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ ဒါပေမယ့် နောက်တနေ့ ( ဒီဇင်ဘာ-၁၀ရက်) မှာတော့ ကမ္ဘောဒီးယားအားကစားအဖွဲ့က လက်ရှိကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲက နှုတ်ထွက်ကြောင်း ကြေညာပြီး ပြိုင်ပွဲတခုမှ ဝင်မပြိုင်တော့ဘဲ ပြန်သွားကြတယ်။
ဒီဖြစ်စဉ်က ဆီးဂိမ်းအားကစားပြိုင်ပွဲသမိုင်းမှာတော့ ထူးခြားဖြစ်စဉ်လို့ ဆိုရမှာပါ။ နိုင်ငံမစုံဘဲ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲ ဖြစ်သွားတယ်။ ၁၉၅၉ ခုနှစ်ကစပြီး ကျွန်းဆွယ်အားကစားပြိုင်ပွဲ အမည်နဲ့ စတင်လာခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲဟာ ခုဆိုရင် (၃၃)ကြိမ်ရှိခဲ့ပြီဖြစ်တယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကပဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၁၉၅၉ခုနှစ် ကျွန်းဆွယ်အားကစားပြိုင်ပွဲတုန်းကလည်း ကမ္ဘောဒီးယားအသင်း ပါဝင်ခြင်း မရှိခဲ့ဘူး။ အဲဒီအချိန်တုန်းကတော့ ကမ္ဘောဒီးယားက သူ့ပြည်တွင်းနိုင်ငံရေးပဋိပက္ခကြောင့် ဝင်မပြိုင်ခဲ့တာ။ ခုတကြိမ်ကတော့ အိမ်ရှင် ထိုင်းနိုင်ငံနဲ့ နယ်စပ်စစ်ပွဲ ဖြစ်နေလို့ ပြိုင်ပွဲက နှုတ်ထွက်ခဲ့တာ။ဒီနှစ် ဆီးဂိမ်းပြိုင်ပွဲက နိုင်ငံမစုံဘဲ ကျင်းပလို့ ထူးခြားနေသလို ဆီးဂိမ်းကာလအတွင်း အိမ်ရှင်ထိုင်းနိုင်ငံ နဲ့ အိမ်နီးချင်း ကမ္ဘောဒီးယားတို့ အပြန်အလှန်ပစ်ခတ်ပြီး စစ်မီးတောက်လောင်နေတာလည်း ထူးခြားမှုတခုလို့ ဆိုရမှာဖြစ်တယ်..။
#CWM. ref: Bangkok Post news
#MeKongNews








