မဲခေါင်၊ နိုဝင်ဘာ ၂၅
စစ်ကောင်စီထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ယမန်နေ့ညပိုင်းက ပစ်ခတ်သံကြားရသဖြင့် တိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံလူထုက စိုးရိမ်နေကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ၂ရက်၊ ည ၁ဝနာရီ ၁၅မိနစ်ခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် (၁) အစပ် ထင်းရူးမြိုင်ဘက်မှ သေနတ်ပစ်ခတ်သံ ၄ချက်၊ ၅ချက်ကြားရခြင်းဖြစ်ပြီး မိနစ်အနည်းငယ်ကြာမြင့်ခဲ့ကြောင်း လားရှိုး ရပ်ကွက် (၁) သီရိမဟာတွင် နေသူတစ်ဦးက မဲခေါင်သို့ပြောသည်။
“တိုက်ပွဲဖြစ်တဲ့ ပစ်ခတ်သံမျိုးမဟုတ်ဘူး။ တစ်ဖက်တည်းက ပစ်သံ၊ ၅မိနစ်လောက်ကြာတယ်။ ဒီမနက်ပြန်ကြားတာတော့ ရပ်ကွက် (၁) နယ်မြေ (၇) ဗောဓိမြိုင်ဘုန်းကြီးကျောင်း ကင်းစခန်းကပြစ်တာ၊ မသင်္ကာလို့ ပစ်ရှင်းတာလို့ ပြောတာပဲ” ဟု ၎င်းက ပြောသည်။
ယင်းထင်းရှူးမြိုင်မှာ ရမခစစ်တိုင်းနှင့် နီးကပ်ပြီးမြို့ပတ်လမ်းတွင်ရှိကာ ယင်းနေရာအနီးအနားတွင် စစ်တပ်ကင်းများနှင့် MNDAA တပ်များရှိနေသည်ဟု ဒေသခံများက ပြောသည်။
“မနေ့က လားရှိုးတက္ကသိုလ် ဖွင့်ပွဲကိုလာတဲ့ လုံနယ်ဝန်ကြီးနဲ့ စည်ပင်ဝန်ကြီးလည်းရှိနေတာ၊ ရဟတ်ယာဥ်အဆင်းအတက်တွေကလည်းများတော့ တစ်ခုခုဖြစ်မှာ စိုးရိမ်နေကြတာ” ဟု ရပ်ကွက် (၉) မြန်မာ့ခါးရိုးနေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
လက်ရှိ MNDAA နှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် ယင်းကဲ့သို့ သေနတ်ပစ်ခတ်သံက စစ်ဘေးကြုံခဲ့ဘူးသည့် လားရှိုးလူထုအတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ထိတ်လန့်ခဲ့ကြရသည်ဟု ဒေသခံများပြောသည်။
စစ်ကောင်စီနှင့် MNDAA တို့ နယ်မြေသတ်မှတ်ရေးအတွက် နှစ်ဖက်တင်းမာနေဆဲ အခြေအနေတွင် ရှိနေသဖြင့် ယခုလို သေနတ်ပစ်ခတ်သံ ထွက်လာသည့်အပေါ် ဒေသခံများက ထိတ်လန့်ကြခြင်းဖြစ်သည်။
#MeKongNews
#လားရှိုး
#သေနတ်သံ
#MNDAA
#စစ်ကောင်စီ








