မဲခေါင်၊ နိုဝင်ဘာ ၂၄
တာချီလိတ်မြို့ကို ၂ရက်တာ လျှပ်စစ်မီးပြတ်တောက်စေခဲ့သည့် ယာဉ်တိုက်မှုတွင် ဓာတ်တိုင်ဝင်တိုက်ခဲ့သူထံမှ မီးလင်းရေးကော်မတီနှင့် ဌာနဆိုင်ရာများက ဘတ် သိန်း ၃၀ ကျော် တောင်းခံခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
နိုဝင်ဘာလ ၁၈ရက် နေ့လယ်ပိုင်းက တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ ဟိုခိုရွာအနီးရှိ ဓာတ်တိုင် ၂တိုင်တွဲကို ကားတစ်စီးက ဝင်တိုက်မိခြင်းဖြစ်ပြီး ယင်းယာဉ်တိုက်မှုကြောင့် တာချီလိတ်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များအပါအဝင် နေရာအများစု၌ လျှပ်စစ်မီး ၂ရက်ခန့် ပြတ်တောက်သွားခဲ့သည်။
“တောင်းတာ သိန်း ၃၀ ကျော်က ဘာအတွက်မှန်းတော့မသိဘူး။ အမှုကိစ္စပေါ့လျော့အောင်လို့ပဲ နားလည်ထားတယ်။ တိုက်တဲ့သူက အခုလောလောဆယ် ဆေးရုံမှာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်းယာဉ်တိုက်မှုမှ ယာဉ်မောင်းကို ဝမ်ပုံနယ်မြေရဲစန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
နိုဝင်ဘာလ ၁၈ရက်နေ့တွင် ဖြစ်ပွားသည့် ယင်းယာဉ်တိုက်မှုကြောင့် တာချီလိတ်မြို့နယ်အတွင်း နိုဝင်ဘာလ ၁၉ရက်နှင့် ၂၀ရက်တို့ လျှပ်စစ်မီးပြတ်တောက်ခဲ့ခြင်းဖြစ်သည်။
#MeKongNews
#တာချီလိတ်
#ယာဉ်တိုက်မှု
#မီးလင်းရေးကော်မတီ
#ဟိုခိုရွာ








