~ လင်းမောင် ~
တရုတ်နိုင်ငံတွင် စစ်ဗိုလ်ချုပ်များသွားရာလမ်းသည် ပြစ်မှုကျူးလွန်သူများအဖြစ် ဖမ်းဆီးခံရသူများ အဖြစ်သို့ ရောက်ရှိကုန်ပြီဖြစ်သည်။ အမှန်တကယ် ပြစ်မှု ကျူးလွန်ကြသူများလည်း ဖြစ်ကောင်းဖြစ် မည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကြီးသည် အကျင့်ပျက်ခြားစားတွင်းကြီးတစ်တွင်း သဏ္ဍန်လည်းဆောင်နေပြီဖြစ်သည်။ သို့သော် အမှန်စင်စစ်မှာမူ တရုတ်စစ်ဗိုလ်ချုပ်များပေါ်သို့ ဓားလှံများ ကျလာရခြင်းမှာ တရုတ်သမ္မတရှီကျင့်ဖျင်က သူ့အပေါ် သစ္စာမဲ့သူများအဖြစ် သံသယများ ဝင်ရောက်လာခြင်းကြောင့်သာ ဖြုတ်၊ ထုတ်၊ သတ် ဖမ်းဆီးခံခြင်းများ ဖြစ်တည်လာရခြင်းပင်။
အောက်တိုဘာ ၂၀ ရက်မှ စတင်ခဲ့သည့် ၄ ရက်တာ တရုတ်ကွန်မြူနစ်ပါတီ မျက်နှာစုံညီ အစည်းအဝေး မကျင်းပမီလေးမှာပင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ စီနီယာအကြီးတန်း ဗိုလ်ချုပ် ၉ ယောက်အထိ အလုပ်နှင့်ပတ်သက်သော ရာဇဝတ်မှု၊ စည်းကမ်းမလိုက်နာမှုများဖြင့် ဖြုတ်ချခံလိုက်ရသည်။ ၎င်းတို့ထဲတွင် တရုတ်စစ်တပ်အတွင်း ဒုတိယအကြီးဆုံး ရာထူးကို ပိုင်ဆိုင်ထား သော ဗဟိုစစ်ကော်မရှင် (CMC) ဒုတိယဥက္ကဌ ဟီဝေဒေါင် (He Weidong) လည်း ပါဝင်ခဲ့သည်။
တရုတ်စစ်တပ်ရှိ စစ်သည်များသည် နိုင်ငံတော်အပေါ် သစ္စာရှိရှိတာဝန်ထမ်းရွက်နေသော အရာရှိများ ထံမှ အမိန့်အပေါ် မူတည်ကြီး တာဝန်ထမ်းကြရသည့် စစ်တပ်မျိုးမဟုတ်။ တရုတ်ကွန်မြူနစ်ပါတီ၏ စစ်ရေးဌာနခွဲတစ်ခုသာဖြစ်သည်။ စီနီယာဗိုလ်ချုပ်ကြီးများသည်လည်း တရုတ်ကွန်မြူနစ်ပါတီ (CCP) လက်အောက် ဗဟိုကော်မတီဝင်များသာဖြစ်သည်။ သို့ကြောင့်ပင် ပါတီမျက်နှာစုံညီအစည်းအဝေးများ တွင်လည်း အဆိုပါစစ်ဗိုလ်ချုပ်များသည် ပါတီအဖွဲ့ဝင်အသွင်ဖြင့် တက်ရောက်ကြရသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ အောက်တိုဘာ ၂၀ တွင်စတင်ခဲ့သည့် CCP မျက်နှာစုံညီအစည်းအဝေး ပွဲ သို့တက်ရောက်သည့် အရေအတွက်မှာ သိသာထင်ရှားစွာ လျှော့နည်းသွားခဲ့ခြင်းပင်။ ဗဟိုကော်မတီ အဖွဲ့ ဝင်ပေါင်း ၂၀၅ ယောက်ရှိသော်လည်း အစည်းအဝေးသို့ ၁၆၈ ယောက်သာ တက်ရောက်လာသည်။ စစ်ဗိုလ်ချုပ်များ စုံစမ်းစစ်ဆေးခံနေရမှုများကြောင့် စုံညီအစည်းအဝေးသို့ မတက်ရောက်နိုင်သူများ များပြားကာ အစည်းအဝေးအဖွဲ့ဝင်များ နည်းပါးသွားရခြင်းဖြစ်သည်။
အကြိမ် ၂၀ မြောက် CCP ဗဟိုကော်မတီအစည်းအဝေးတွင် စစ်ဗိုလ်ချုပ် ၄၂ ယောက် တက်ရောက်ခဲ့ ကြဖြစ်သော်လည်း ၂၇ ယောက်အထိ ပျက်ကွက်ခဲ့သည်။ ၆၃ ရာခိုင်နှုန်း ပျက်ကွက်ခြင်းဖြစ်သည်။ ၎င်းတို့အထဲ ၂၂ ယောက်သည် အလုံးစုံသော ဗိုလ်ချုပ်စစ်စစ်များဖြစ်သည်။ PLA မှ ဗိုလ်ချုပ်စစ်စစ် အနေဖြင့် တက်ရောက်သူ ၈ ဦးသာ ပါရှိသည်။ အခြားသော ၁၄ ယောက်သည် လူမြင်ကွင်းမှ တိုးတိတ်စွာဖြင့် ပျောက်ကွယ်နေသည်။ အစည်းအဝေးမတိုင်ခင် ထုတ်ပယ်လိုက်သည့် စစ်ဘက်စီနီယာ အရာရှိကြီး ၉ ယောက်သည် အလွန်များပြားသော ငွေကြေးပမာဏ လိမ်လည်အလွဲသုံးစာ လုပ်ထားကြ သည့် သံသယတရားခံများအဖြစ် စစ်ဆေးခံနေရသူများဖြစ်သည်ဟု ဆိုလာသည်။
စုံစမ်းစစ်ဆေးခံနေရသည့် ဗိုလ်ချုပ်များထဲ ဟီဝေဒေါင်အပြင် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်ဟောင်း မိုင်အိုဟွာ (Miao Hua)လည်း ပါဝင်သည်။ ၎င်းသည် တရုတ် စစ်တပ်အတွင်း နိုင်ငံရေးနှင့် အယူဝါဒဆိုင် ရာ လုပ်ငန်းများတွင် ဦးဆောင်သူဖြစ်သည်။ မိုင်အို၏လက်ထောက် CMC ဒုတိယအမှုဆောင်ဒါရိုက်တာ ဟီဟောင်ဂျန် (He Hongjun)၊ ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အကြီးအကဲလည်းဖြစ် CMCဒုတိယအမှုဆောင်ဒါရိုက်တာလည်းဖြစ်သူ ဝမ်ရှူဘင် (Wang Xiubin)၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မှူးဟောင်း လင်ရှန်းယန် (Lin Xiangyang)၊ တပ်မတော်နိုင်ငံရေး ကော်မရှင်နာဟောင်း ချင်ရှုထောင် (Qin Shutong)၊ ရေတပ်နိုင်ငံရေးကော်မရှင်နာဟောင်း ယန်ဟွာဇီ (Yuan Huazhi)၊ ဒုံးကျည် တပ်ဖွဲ့ တပ်မှူးဟောင်း ဝမ်ဟူဘင် (Wang Houbin)နှင့် ပြည်သူလက်နက်ကိုင် ရဲတပ်ဖွဲ့ တပ်မှူးဟောင်း ဝမ်ချန်းနင်း (Wang Chunning) တို့ ထိန်းသိမ်းစစ်ဆေးခံနေရသည်။
စောင့်ကြည့်လေ့လာသူများက ထို CCP ၏ မျက်နှာစုံညီအစည်းအဝေးပွဲ တက်ရောက်သူ စံချိန်တင် နည်းပါးမှုကို မီးမောင်းထိုးဖော်ပြကြသည်။ အစည်းအဝေးလုပ်နေစဉ်ရက်အတွင်း နောက်ထပ် မဟိုကော်မတီဝင် ၁၄ ယောက်ကို ပါတီမှ ထပ်ထုတ်ပယ်ခဲ့သည်။ အစားထိုးသူ ၁၁ ယောက်မှာ အရပ်သားများထဲမှ ဖြစ်သည်။ စစ်ဘက်ဆိုင်ရာမှ အစည်းအဝေးပျက်ကွက်သူများထဲ အစားထိုးသော စစ်ဗိုလ်ချုပ်များ မပါဝင်ခဲ့ပေ။ CMC ဒုဥက္ကဌ ဟီဝေဒေါင်နေရာတွင် စစ်တပ် စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးအကြီးအကဲ ဗိုလ်ချုပ် ဇန်ရှန်းမင်း (Zhang Shengmin) ကို အစားထိုးခဲ့သည်။
စစ်ရေးရာဇဝတ်မှုများတွင် များပြားသည့် ငွေပမာဏနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သဖြင့် ထိုဗိုလ်ချုပ် ၉ ယောက်ကို စုံစမ်းစစ်ဆေးနေသည်ဟုသာ တရုတ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ အခြားအသေစိတ်ထုတ်ပြန်မှု မရှိပေ။ တရုတ်နိုင်ငံရှိ အကြီးတန်းစစ်အရာရှိများ နှင့်ပတ်သက်သည့် အမှုများသည် ပုံမှန်အားဖြင့် လျှို့ဝှက်ချက်များဖြင့် ဖုံးကွယ်ထားလေ့ရှိသည်။ သို့တိုင်ယခု တရားဝင်ကြေညာချက်များတွင် အသုံးပြုထားသော မရှင်းလင်းသည့် စကားလုံးများက သဲလွန်စအချို့ကို ပေးထားသလိုဖြစ်နေသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၏ ပါးစပ်ဖြစ်သော PLA Daily သတင်းစာ အယ်ဒီတာ့ အာဘော်တွင် အသုံးပြုခဲ့သည့် ဆိုလိုရင်းများက ထူးခြားသည်။ ဗိုလ်ချုပ် ၉ ယောက်ကို ရှင်းလင်း ဖယ်ရှားရခြင်းမှာ တပ်အတွင်း အဂတိလိုက်စားခြင်းများကို အဆုံးတိုင်ပြတ်ပြတ်သားသား တိုက်ဖျက် ခြင်းဟု သုံးနှုန်းသွားခဲ့သည်။ သဲလွန်စများ ထူးခြားစွာပေးခြင်းပင်။ South China Morning Post မှ အယ်ဒီတာ့အာဘော်အား ထုတ်နုတ်ဖော်ပြမှုတွင် လက်ရှိတရုတ်စစ်တပ်ရင်ဆိုင်နေရသော နိုင်ငံရေး စိန်ခေါ်မှုများသည် ရှုပ်ထွေးနေသည်။ တရုတ်နိုင်ငံတွင် စစ်တပ်ကို တရုတ်ကွန်မြူနစ်ပါတီကသာ အလုံး စုံ ဦးဆောင်မှုရှိပြီး PLA ၏ရှုပ်ထွေးမှုများသည် နိုင်ငံရေးစရိုက်ကို ထိပါးစေသည့် အချက်ပေါင်းများစွာ ဖြစ်တည်နေသည်ဟု ဖော်ပြသွားသည်။ “ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် စစ်တပ်အပေါ် ပါတီ၏ အလုံးစုံဦးဆောင်မှုနှင့်နက်ရှိုင်းစွာ ဆက်စပ်နေကြောင်းကျွန်ုပ်တို့ အပြည့်အဝ အသိအမှတ်ပြု ရမည်။ ၎င်းသည် ကျွန်ုပ်တို့ ရှုံးနိမ့်ရန် မဖြစ်နိုင်သော၊ ရှုံးနိမ့်ရမည် မဟုတ်သော အဓိက နိုင်ငံရေးတိုက်ပွဲ တစ်ခု ဖြစ်သည်” ဟု အာဘော်ထည့်သွင်းဖော်ပြခဲ့သည်။
ဗိုလ်ချုပ်ကိုးဦးအား “ပါတီ၏မူများ ဆုံးရှုံးခြင်း၊ အယူဝါဒပြိုလဲခြင်းနှင့် သစ္စာမဲ့ခြင်းတို့ကို လိုက်လျောညီထွေဖြစ်စေရန် အရေးယူခြင်း၊ ပါတီကသာ သေနတ်ကို ညွှန်ကြားပြီး CMC ဥက္ကဋ္ဌ (သမ္မတ ရှီကျင့်ဖျင်) သည်သာ အလုံးစုံတာဝန်ယူရမည်ဟူသော မူကို ပြင်းထန်စွာ ထိခိုက်စေခြင်း” အတွက် အရေးယူမှုဟုလည်း ဆိုခဲ့သည်။
အဆိုပါ အာဘော်များကို ကျွမ်းကျင်သူများက ဖတ်ရှုလေ့လာပြီး အဓိက ဆိုလိုရင်းသည် ၎င်းတို့ အတွင်းစည်းထဲ အယူဝါဒပြိုလဲခြင်း၊ သစ္စာဖောက်ခြင်းများကို မြင်တွေ့နိုင်သည်ဟု သုံးသပ်ကြသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ စံနှုန်းများအပေါ် ယုံကြည်မှု ပြိုကွဲသွားခြင်းနှင့် သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်အပေါ် သစ္စာမဲ့လာခြင်းများအား စိုးရိမ်မှုကို အတိုင်းသားမြင်တွေ့ရခြင်းဟု ဆိုကြသည်။
CCP မှ စစ်ဗိုလ်ချုပ်များကို ဆက်တိုက်ထုတ်ပယ်နေခြင်းများက ထင်ရှားမြင်သာလွန်းနေသည်။ မနှစ်က တစ်နှစ်အတွင်း ကာကွယ်ရေးဝန်ကြီး ၂ ယောက်ဖယ်ရှားခံရသည်။ ရှေ့တစ်နှစ်က လီရှန်းဖူနှင့် ဝေဖန်းဟီတို့ ဖယ်ရှားခံရသေးသည်။ ထိပ်တန်းစစ်ဗိုလ်ချုပ်များကို ဆက်တိုက် PLA မှ ထုတ်ပယ်နေ ခြင်းက တရုတ်နိုင်ငံစီးပွားရေး ယိမ်းယိုင်လာချိန် တရုတ်သမ္မတ ရှီကျင့်ဖျင်အပေါ် ယုံကြည်မှု၊ သစ္စာရှိမှု များ ယုတ်လျော့လာကြခြင်းကြောင့်ပင် ဖြစ်သည်။ ထိုအနေအထားကို မရေရာသော စွပ်စွဲချက်များဖြင့် အဂတိလိုက်စားသူများဟု အမည်တပ်ကာ ရှင်းလင်းနေခြင်းပင်။ CCP ဦးဆောင်မှုအောက် မြင့်မားသော တိုးတက်မှုများရှိခဲ့ခြင်းကို အခွင့်ကောင်းအဖြစ် အသုံးချပြီး ယခုလို ဖိနှိပ်နေစဉ်မှာပင် တရုတ်နိုင်ငံ၏ တိုးတက်မှုနှုန်းများသည်လည်း နှေးကွေးကျဆင်းလာရပြီဖြစ်သည်။
ဗိုလ်ချုပ် ဟီဝေဒေါင်သည် ယခင်ရှီကျင့်ဖျင်အကြိုက်ဆုံး ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့သည်။ ၎င်းတို့ နှစ်ဦး ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဖူကျန်းပြည်နယ်တွင် အတူတာဝန်ထမ်းဆောင်ခဲ့သောကြောင့် ဖြစ်သည်။ သမ္မတဖြစ်လာပြီးနောက် ရှီကျင့်ဖျင်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အတွင်း ဖူကျန်းပြည်နယ်မှ လာသူများ ခေါင်းဆောင်နေရာများ ပိုမိုရရှိစေရန် အလိုရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဟီဝေဒေါင်သည် သူ့နောက်ကွယ်၌ အဖွဲ့တစ်ခု ထူထောင်နေသည်ဟု သံသယဝင်သွား ပြီးနောက် ဖူကျန်းသားများ PLA ထဲ အင်အားတောင့်တင်လာစေမှုကို ဆက်မလိုလာတော့ပေ။ ထို့ကြောင့် ယခင်ဖူကျန်းတွင် အခြေစိုက်သော အမှတ် ၃၁ တပ်မတော်နှင့် အရှေ့အလယ်ပိုင်း ရေတပ် အခြေစိုက်စခန်းတို့မှ တက်လာသည့် ဗိုလ်ချုပ် ၄ ယောက်စလုံး ဖြုတ်သည့်ထဲ ပါဝင်သွားခဲ့သည်။ ဟီဝေဒေါင်၊ မိုင်အိုဟွာ၊ လင်ရှန်းယန်နှင့် ဝမ်ရှူဘင်တို့ ဖြစ်သည်။
တရုတ်အရေးလေ့လာသူများက တရုတ်စစ်တပ် PLA အတွင်း နောက်ထပ် အာဏာစက်ပြင်းသည့် လော်ဘီအုပ်စု ရှန်ဇီဂိုဏ်း (Shaanxi gang) ကို ရှီကျင့်ဖျင်က စင်တင်လာသည်ဟု သုံးသပ်ကြသည်။ ထို ရှန်ဇီ ပြည်နယ်ထွက် အုပ်စုကို ဗဟိုစစ်ကော်မရှင် ပထမတန်း ဒုဥက္ကဌ ဗိုလ်ချုပ် ဇန်ယူးရှာ (Zhang Youxia) က ဦးဆောင်သည်။ ဖူကျန်းဂိုဏ်းထွက် စစ်ဗိုလ်ချုပ်များကို ဖြုတ်၊ ထုတ်ခြင်းများအား ဇန်ယူးရှာက ဦးဆောင်လုပ်ကိုင်သည်။ ရှီကျင့်ဖျင်သည် ရှန်ဇီအုပ်စုနှင့် နှစ်ရှည်လများ ပူးပေါင်းဆောင်ရွက်မှုရှိခဲ့သည်။ ၎င်း၏ နိုင်ငံရေးသမားဘ၀အစသည် ရှန်ဇီပြည်နယ်ဖြစ်သော ကြောင့်လည်း ဇန်ယူးရှာကို စင်တင်ပေးခဲ့ကာ ဖူကျန်းအုပ်စုကို ဖယ်ရှားနေခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ သို့ကြောင့်ပင် ဇန်ယူးရှာသည် CMC ၌ ထုတ်ပယ်လိုက်သော ဗိုလ်ချုပ် ဟီဝေဒေါင်နေရာ အစားဝင်လာခြင်းမှာ အံ့ဩစရာမရှိပေ။ သို့နှင့်ပင် ဇန်ယူးရှာသည် တပ်အတွင်း အဓိကကျသော စည်းကမ်းထိန်းသိမ်း ရေးနှင့်စစ်ဆေးရေးကော်မတီ ခေါင်းဆောင်ဖြစ်လာသည်။
ဖူကျန်းဂိုဏ်းဝင် ဗိုလ်ချုပ်များအပေါ် ယခုလို ရှန်ဇီဂိုဏ်းဝင် ဗိုလ်ချုပ် ဇန်ယူးရှာ ဖယ်ရှားသုတ်သင်ခြင်း မှာ အတုံ့အလှည့်သမိုင်းတစ်ခုကြောင့်ဖြစ်ပေမည်။ ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်းဖူအား ထုတ်ပယ်မှုတွင် ဖူကျန်းဂိုဏ်းဝင်ဗိုလ်ချုပ်များ လက်ချက်ဟု အများက သတိထားမိကြသည်။ လီရှန်းဖူ နှင့် ဇန်ယူးရှာတို့သည့် အလွန်ရင်းနှီးသောဆက်ဆံရေးလည်း ရှိသဖြင့် ဖူကျန်းဂိုဏ်းဝင် ဗိုလ်ချုပ်များကို လက်စားချေကာ ရှင်းလင်းနေခြင်းဟု ယူဆရမည်သာဖြစ်သည်။ သမ္မတရှီအပေါ် သစ္စာမဲ့မှုကြောင့် နှိမ်နင်းမှုများ ဖြစ်ပေါ်စေခဲ့ပြီး PLA ရှိ ကွဲပြားသော အုပ်စုများကို ဤအာဏာကစားပွဲတွင် နယ်ရုပ်များ အဖြစ် အသုံးပြုခဲ့ကြပုံရသည်။
အုပ်စုဖွဲ့မှုများနှင့် ပြည့်နှက်နေသည့် တပ်မတော်တစ်ခုက ယခုဖြစ်စဉ်များကို တန်ပြန်တိုက်ခိုက်နိုင်ပါ မည်လော။ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် သို့မဟုတ် အဂတိလိုက်စား မှစွပ်စွဲချက်များကြောင့် ဖယ်ရှားခံရသည့် အကြီးတန်းအရာရှိများ နေရာတွင် အစားထိုးခန့်အပ်မှုများ က မြန်ဆန်လွန်းနေသည်။ သို့သော် ရာထူးတာဝန် ထမ်းဆောင်ရသူ ဗိုလ်ချုပ်အသစ်များအတွက်လည်း မရေမရာမှုနှင့်သာ စိုးရိမ်တကြီး နေထိုင်နေရပြီး ယုံကြည်မှုလျော့နည်းလာကြသည်။ ထို့ကြောင့်ပင် ချောမွေ့သော လုပ်ဆောင်ချက်များအပေါ် အနှောင့်အယှက် ဖြစ်စေသည်။ PLA ဆိုသော စစ်တပ်ကြီး တွင် အုပ်စုဖွဲ့မှုများကြောင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား မညီမညွတ် ကွဲပြားနေမှုက ပူးတွဲစစ်ဆင်ရေးနှင့်အပြန်အလှန် မှီခိုလည်ပတ်နိုင်စွမ်းများကို အဟန့်အတား ဖြစ်စေမည်မှာ သေချာလှသည်။
#MeKongNews








