မဲခေါင်၊ အောက်တိုဘာ ၁၃
နေတိုးအဖွဲ့ဝင် အက်စတိုးနီးယားနိုင်ငံ၏ ရုရှားနင့်နယ်စပ်ဒေသဖြစ်သော ဆက်ဆီဘူတီအရပ်၌ ထူးခြား ဆန်းပြားသည့် ယူနီဖောင်များဖြင့် လက်နက်ကိုင်အုပ်စုကို မြင်တွေ့ရခြင်းကြောင့် အက်စတိုးနီးယားဘက်မှ ပူတင်၏ ရန်စမှုကိုကာကွယ်နိုင်ရေး ယင်းနယ်စပ်ကားလမ်းမကို ပိတ်လိုက်သည်။
လက်နက်အပြည့်အစုံဖြင့် မြင်တွေ့ရသည့် ရုရှားစစ်သားအုပ်စုသည် ရုရှားနယ်ခြားစောင့်တပ်လည်း မဟုတ်ဘဲ ၂၀၁၄ ခုနှစ်က ယူကရိန်းပိုင် ခရိုင်းမီးယားဒေသကို ရုရှားမသိမ်းပိုက်မီ ပေါ်ထွက်လာခဲ့ဖူး သည့် ပူတင်၏ အစိမ်းရောင်ကောင်လေးများ (little green men) ဟု အမည်ရသည့် လက်နက်ကိုင်များနှင့် သဏ္ဍာန်တူနေသည်ဟု ဆိုသည်။
၎င်းအုပ်စုအား အက်စတိုးနီးယား အဝေးပြေးကားလမ်းပေါ်တွင် တွေ့ရခြင်းဖြစ်ကာ အင်အားများပြားပုံရပြီး တစ်စုံတစ်ခုသော လှုပ်ရှားမှုအား လုပ်ဆောင်နေပုံရကြောင်း၊ ရုရှားနယ်ခြားစောင်တပ်ဖွဲ့ဝင်များလည်း မဟုတ်သည်မှာ သေချာကြောင်း၊ ခြိမ်းခြောက်မှုတစ်ခု လုပ်လာသည့်သဘောမှာ သေချာနေသည်ဟု အက်စတိုနီးယား နယ်ခြားစောင့်တပ် တာဝန်ရှိသူတစ်ဦးက ပြောဆိုသွားခဲ့သည်။
Saatse Boot ဟုခေါ်သော ဆက်ဆီဘူတီအဝေးပြေးလမ်းသည် ထူးခြားစွာဖြင့် ကွေ့ဝိုက်ကာ ရုရှားပိုင် နက်အတွင်း ဝင်သွားပြီးမှ ပြန်ကွေ့ထွက်လာသော လမ်းပိုင်းဖြစ်သည်။
ယခင်ကတည်းက ထိုလမ်းပိုင်း ကို အက်စတိုးနီးယားဘက်မှ အသုံးပြုရာတွင် ရုရှားနယ်မြေထဲ ကွေ့ဝင်သွားသော်လည်း ရပ်နားခြင်း၊ ဆင်းခြင်းမပြုရဘဲ မောင်းနှင်ဖြတ်သန်းသွားမှုကို ခွင့်ပြုထားသည့်နေရာဖြစ်ကာ ယခု ထိုလမ်းပိုင်း၌ အစိမ်းရောင် စစ်သားများကို လက်နက်အပြည့်အစုံဖြင့် ထူးခြားစွာမြင်ရသဖြင့် ပူတင်၏ နေတိုးအဖွဲ့ နှင့် ထိပ်တိုက်ရင်ဆိုင်လိုမှုသဘောတရားကို ပိုမို မြင်သာစေသည်ဟု သုံးသပ်နေကြသည်။
အက်စတိုးနီး ယားဘက်က ထိုလမ်းပိုင်းကို ဆက်မသုံးတော့ဘဲ တစ်စိတ်တစ်ပိုင်း နယ်စပ်ဒေသအား ပိတ်ထားလိုက် ပြီး ဗြိတိန်တော်ဝင်လေတပ်မှ ဖိုက်တာဂျက်လေယာဉ်များသည်လည်း အက်စတိုးနီးယား၊ ပိုလန်နှင့် ရိုမေးနီးယားနှင့် ရုရှားနယ်စပ်ဒေသများသို့ ၁၂ နာရီကြာ ကင်းလှည့်ပျံသန်းမှုများ လုပ်ဆောင်ခဲ့ကြသည်။
ယခုဖြစ်စဉ်နှင့် ၁၁၃ မိုင်အကွာ အက်စတိုးနီးယားအရှေ့မြောက်ပိုင်းသို့လည်း ဗြိတိန်တပ်ဖွဲ့ဝင် ၉၀၀ ကို အခြေစိုက်စေလွှတ်ထားပြီး လုံခြုံရေးအခြေအနေကို စောင့်ကြည့်နေသည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီယာလေက ထုတ်ပြန်ပြောဆိုခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ပူတင်
#ရုရှား
#အက်စ်တိုးနီးယား
#နေတိုး








