မဲခေါင်၊ စက်တင်ဘာ ၂၇
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများသည် ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာ၌ အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့သည့်အပြင် သံဃာတစ်ပါးအပါအဝင် အခြားရွာသား ၂ဦး စုစုပေါင်း ၄ဦးကိုသတ်ဖြတ်ခဲ့သည်ဟု ရှမ်းကျောင်းသားများသမဂ္ဂ – Tai Students’ Union – TSU က စက်တင်ဘာ၂၅ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာ ၂၄ရက် နေ့လည်ပိုင်း၌ ရွာလုံးကျွတ်နီးပါးစစ်ရှောင်သွားပြီးဖြစ်သော နားအိုက်ခန့်ကျေးရွာသို့ ရောက်ရှိလာပြီးကျေးရွာတွင် ကျန်းမာရေးမကောင်းသော ဆရာတော်အား ပြုစုရန် ကျန်ရစ်ခဲ့သူ သံဃာတော်တစ်ပါးကို ပစ်သတ်ခဲ့သည်ဟု TSU ကပြောသည်။
၎င်းအပြင် အနီးအနားရှိ လယ်တဲများတွင် တိမ်းရှောင်နေသော မိသားစုသုံးဦးတွင် မိခင်ဖြစ်သူနှင့် သားငယ်ကို နေရာတွင် ပစ်သတ်ကာ အသက်မပြည့်သေးသော သမီးဖြစ်သူမိန်းကလေးကို အဓမ္မကျင့်ကာ သတ်ဖြတ်ခဲ့သည်ဟု TSU က ထုတ်ပြန်သည်။
ယင်းမိသားစုသုံးဦး နေထိုင်သည့် လယ်တဲထဲတွင် စစ်ကောင်စီတပ်သားများ၏ ယူနီဖောင်း ကျန်ရစ်ခဲ့သည်ကိုလည်း သက်သေခံအဖြစ် တွေ့ရသည် ဟု လည်းပြောသည်။
“မိမိတို့အနေဖြင့် ယခုလို အပြစ်မဲ့ပြည်သူတွေကို မုဒိန်းကျင့်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ အရေးယူပေးရန် ကမ္ဘာ့နိုင်ငံအသီးသီးနဲ နိုင်ငံတကာ အဖွဲ့အစည်းများကို တောင်းဆိုလိုက်တယ်” ဟု ရှမ်းကျောင်းသားများသမဂ္ဂက ယိင်းမွေလျန်းက မဲခေါင်သို့ ပြောသည်။
၎င်းတို့အနေဖြင့်လည်း ပြည်သူများအပေါ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်ကောင်များကို ရရာနည်းဖြင့် အပြစ်ပေး အရေးယူသွားနိုင်ရန် ကူညီပေးသွားမည်ဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီတပ်သည် သြဂုတ်လ၁၉ ရက်က ကျောက်မဲမြို့နယ်အတွင်း TNLAနှင့်မဟာမိတ်များကို စစ်ကြောင်း ထိုးတိုက်ခိုက်လာခဲ့ရာ စက်တင်ဘာ ၂၅ရက်တွင် နားအိုက်ခန့်အကျော် စခန်းသာအနားသို့ ထိုးစစ်ရောက်ရှိနေပြီ ဖြစ်ကြောင်း မြေပြင်သတင်းများအရ သိရသည်။
#MeKongNews
#ကျောက်မဲမြို့နယ်
#နားအိုက်ခန့်ကျေးရွာ
#အဓမ္မပြုကျင့်
#စစ်ကောင်စီ








