မဲခေါင်၊ စက်တင်ဘာ ၂၅
ကိုယ်ပိုင်မူလတန်းကျောင်း အပေါ်ထပ် ဝရံတာမှ ၄တန်းကျောင်းသားငယ်တစ်ဦး ပြုတ်ကျသေဆုံးမှု ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့၌ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နောင်တုံကန်ပတ်လမ်းရှိ ကိုယ်ပိုင်မူလတန်းကျောင်းမှ ဖြစ်ပြီး ယင်းကျောင်းသားငယ်မှာ မောင်မွန်စော အသက် ၁၂ နှစ်ဖြစ်ကာ အားခေရွာမှ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“၂၂ ရက်နေ့က ဆေးရုံမှာ ယောက်ျားလေး၊ သွေးတွေနဲ့ မြင်ရတာစိတ်မကောင်းဘူး။ ကျောင်းက နာမည်ပျက်မှာ စိုးလို့ ပြင်ပမပေါက်ကြားအောင်လုပ်ထားတာ။ သင်္ဂြိုလ်မှပဲ သိကြရတယ်။ ကြားတာတော့ အမှုလည်း ညှိပြီး မဖွင့်ဘူးကြားတယ်။ ဘာပဲဖြစ်ဖြစ် ကလေးငယ်တွေ အကာအရံမရှိတဲ့ အထပ်မြင့်တွေမှာ ဆော့တာ ကျောင်းက ခွင့်မပြုသင့်ဘူး” ဟု ကျိုင်းတုံ၊ ကတ်တောင်ရပ်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
သေဆုံးသူ ကျောင်းသားငယ်ကို ယမန်နေ့ စက်တင်ဘာ ၂၄ ရက်က သင်္ဂြိုလ်ပြီး ဖြစ်ကြောင်း သိရသည်။
ယင်းကလေးငယ်ပြုတ်ကျသေဆုံးမှုနှင့် စပ်လျဥ်းပြီး ပညာရေးဝန်ထမ်းဟောင်းတစ်ဦးက “ပညာရေးသင်ကြားရေး အဆောက်အဦးစံနှုန်းအရဆို မူလတန်းအရွယ်တွေကို အထပ်မြင့်မှာ သင်ကြားခွင့် မပြုရဘူးမဟုတ်လား။ တစ်ထပ်အဆောက်အဦးမှာပဲ ခွင့်ပြုရတာ မဟုတ်ဘူးလား။ ပညာရေးမှူးရုံးက ဘယ်လိုကြောင့် ခွင့်ပြုထားတာလဲ ဆိုတာ သက်ဆိုင်ရာက ကြပ်မတ်စစ်ဆေးရမှာ” ဟု မှတ်ချက်ပြုသည်။
ယခင်ကလည်း ကျိုင်းတုံ နည်းပညာတက္ကသိုလ်မှ ကျောင်းသားများ ဆော့ကစားရင်း လိမ့်ကျမှု ဖြစ်ခဲ့ဖူးသဖြင့် အထပ်အမြင့်ကျောင်းတိုင်း သံဇကာတပ်ထားသင့်ကြောင်း ၎င်းက အကြံပြုသည်။
#MeKongNews
#ရှမ်းအရှေ့
#ကျိုင်းတုံ
#မူလတန်းကျောင်းသား
#ပြုတ်ကျ








