မဲခေါင်၊ စက်တင်ဘာ ၁၆
တာချီလိတ်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်ဖြစ်သည့် မယ်ယန်းဂိတ်တွင် လူကုန်တားရဲတပ်ဖွဲ့မှ ဝင်းကြိုင်နှင့် အဖွဲ့သားများက ခရီးသည်တင်ယာဉ်များထံမှာ ငွေတောင်းကြမ်းနေကြောင်း ခရီးသည်တင် ယာဉ်မောင်းများနှင့် ခရီးသွားများထံမှ သိရသည်။
ခရီးသည် ၁၆ ယောက်တင် အံစာတုံးကားများနှင့် အခြားခရီးသည်တင်ကားများထံမှ ငွေတောင်းခံခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ကျပ် ၃သောင်းမှ ကျပ် ၅သောင်းအထိ တောင်းခံကြောင်း မပေးပါက မှတ်ပုံတင်များ သိမ်းဆည်းပြီး လာပြန်ရွေးခိုင်းကြောင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
“လုပ်နေတာ ၃နှစ်၊ ၄နှစ်ကြာပြီ။ ဘယ်သူမှ မပြောရဲလို့။ ကားဆရာတွေ မပေးရင် လူကုန်ကူးအဖွဲ့က မှတ်ပုံတင်တွေသိမ်းယူထားပြီး ပိုက်ဆံနဲ့လာရွေးခိုင်တယ်။ တိုင်းရင်းသားတွေဆိုရင် ပိုတောင်းတယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ခရီးသည်တင်ယာဉ်လိုင်းအများစုမှာ ဂိတ်တွင် ဖြတ်သန်းရလွယ်ကူစေရန်အတွက် လူကုန်တားရဲတပ်ဖွဲ့မှ အကြီးဆုံး အရာရှိဖြစ်သူ (ဒေသအခေါ် ခေါင်းပေါင်း)ကို ကြိုတင်ညှိနှိုင်း ငွေပေးကာ ဖြတ်သန်းကြရကြောင်း ခရီးသည်တင်ယာဉ် အသိုင်းအဝိုင်းမှ သိရသည်။
တောင်ကြီးမှ တာချီလိတ်သို့ လာသည့် လမ်းတွင် တာကော်ဂိတ်၊ မိုင်းပျဉ်းဂိတ်၊ တုံတာဂိတ်၊ ကျိုင်းတုံမြို့အဝင် ကျိုင်းဖောင်းဂိတ်၊ မိုင်းဖြတ်ဂိတ်၊ ရေပူဂိတ်နှင့် တာချီလိတ်အဝင် မယ်ယန်းဂိတ်တို့တွင် ငွေကြေးတောက်လျောက်ပေးရပြီး တာချီလိတ်အဝင် မယ်ယန်းဂိတ်မှာ အဆိုးဆုံးဖြစ်ကြောင်း ကိုယ်တွေ့ကြုံခဲ့သူ ခရီးသည်တစ်ဦးက ပြောသည်။
“ခရီးသည်ထဲ အရွယ်ကောင်းတွေဆိုရင် တာချီလိတ်ကနေ ထိုင်းဘက်ကူးပြီး အလုပ်သွားလုပ်မှာဆိုပြီး လူကုန်တားက အပြီတောင်းတာပဲ။ ပအိုဝ်းတိုင်းရင်းသားတွေဆို ပိုဆိုးတယ်” ဟု ၎င်းကပြောသည်။
တာချီလိတ်လူကုန်တားရဲတပ်ဖွဲ့မှာ တာချီလိတ်လေဆိပ်တွင်လည်း အဝင်ခရီးသည်များထံမှ တစ်ဦးလျှင် ကျပ် ၅သောင်း၊ ကျပ်တစ်သိန်း အစရှိသဖြင့် တောင်းခံပြီးမှသာ သွားခွင့်ပေးကြောင်း လေဆိပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။
တာချီလိတ် လူကုန်တားရဲတပ်ဖွဲ့မှာ ယခင်က ကူညီတတ်ခြင်း၊ ဖော်ရွေခြင်းတို့ကြောင့် လူထုအကြား နာမည်ကောင်းရသော်လည်း နောက်ပိုင်းတွင် လာဘ်စားမှုကြောင့် နာမည်ဆိုးထွက်လာကြောင်း ဒေသခံများက ပြောသည်။
မှတ်ချက် – ပုံဟောင်း
#MeKongNews
#တာချီလိတ်
#လူကုန်တားရဲတပ်ဖွဲ့
#မယ်ယန်းဂိတ်
#ဝင်းကြိုင်








