ဆောင်းပါး

စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဆက်တိုက်သတ်သေမှုများက တရုတ်၏ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ပြိုလဲနေမှုအား မီးမောင်းထိုးပြ

မဲခေါင် 25 Aug - 2025
~ လင်းမောင် ~ ပြီးခဲ့သည့်လပိုင်းများအတွင်း ထင်ရှားသော တရုတ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မိမိကိုယ်မိမိ သတ်သေမှုလှိုင်း တိုးမြှင့်ရိုက်ခတ်လာသည်။ အထီးကျန်သူများကိုယ့်ကိုယ်ကိုယ်သတ်သေမှု ဖြစ်ရိုးဖြစ်စဉ်ဘောင်ကို ကျော်လွန်ခဲ့ပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍများအတွင်း ကပ်ဆိုးက နက်နက်ရှိုင်းရှိုင်းရိုက်ခတ်ကာ ရောင်ပြန်ဟပ်ပြလိုက်ခြင်းပင်။ အကြွေးများတောင်လိုပုံ၊ စက်မှုလုပ်ငန်းများစွာ ပြိုလဲ၊ နိုင်ငံရေး ဖိအားများကြား မွန်းကြပ်လှောင်ပိတ်လာရခြင်းများကြောင့် အလွန်စိတ်ပျက်ဝမ်းနည်းကြရသည့် ပတ်ဝန်းကျင်ဆိုးကြီး တစ်ခုမှ သတ်သေမှုများ တစ်လှိုင်းပြီးတစ်လှိုင်း တိုးပွားပြင်းထန်လာခြင်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) က နိုင်ငံစီးပွားရေးခံနိုင်ရည်ရှိခြင်း၊ မျှော်လင့်ထားသည်ထက် ပိုမိုစီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းဆိုသော ဘာသာပြန်အလွဲအမှားစကားလုံးများဖြင့် ဟန်လုပ်နေသော် လည်း မည်သို့မျှ မကိုက်ညီသည်ကို စီးပွားရေးလုပ်ငန်းရှင်များ သတ်သေနေခြင်းက သက်သေပြနေ သည်။ ပြီးခဲ့သည့် ၄ လအတွင်းမှာပင် တိုက်ပေါ်မှ ခုန်ကျကာ အဆုံးစီရင်သွားသူ

~ လင်းမောင် ~

ပြီးခဲ့သည့်လပိုင်းများအတွင်း ထင်ရှားသော တရုတ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မိမိကိုယ်မိမိ သတ်သေမှုလှိုင်း တိုးမြှင့်ရိုက်ခတ်လာသည်။ အထီးကျန်သူများကိုယ့်ကိုယ်ကိုယ်သတ်သေမှု ဖြစ်ရိုးဖြစ်စဉ်ဘောင်ကို ကျော်လွန်ခဲ့ပြီဖြစ်သည်။

တရုတ်နိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍများအတွင်း ကပ်ဆိုးက နက်နက်ရှိုင်းရှိုင်းရိုက်ခတ်ကာ ရောင်ပြန်ဟပ်ပြလိုက်ခြင်းပင်။ အကြွေးများတောင်လိုပုံ၊ စက်မှုလုပ်ငန်းများစွာ ပြိုလဲ၊ နိုင်ငံရေး ဖိအားများကြား မွန်းကြပ်လှောင်ပိတ်လာရခြင်းများကြောင့် အလွန်စိတ်ပျက်ဝမ်းနည်းကြရသည့် ပတ်ဝန်းကျင်ဆိုးကြီး တစ်ခုမှ သတ်သေမှုများ တစ်လှိုင်းပြီးတစ်လှိုင်း တိုးပွားပြင်းထန်လာခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) က နိုင်ငံစီးပွားရေးခံနိုင်ရည်ရှိခြင်း၊ မျှော်လင့်ထားသည်ထက် ပိုမိုစီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းဆိုသော ဘာသာပြန်အလွဲအမှားစကားလုံးများဖြင့် ဟန်လုပ်နေသော် လည်း မည်သို့မျှ မကိုက်ညီသည်ကို စီးပွားရေးလုပ်ငန်းရှင်များ သတ်သေနေခြင်းက သက်သေပြနေ သည်။ ပြီးခဲ့သည့် ၄ လအတွင်းမှာပင် တိုက်ပေါ်မှ ခုန်ကျကာ အဆုံးစီရင်သွားသူ ၄ ဦးရှိခဲ့ပြီး အားလုံးသည် ထိပ်တန်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များပင် ဖြစ်နေခဲ့သည်။

တရုတ်အာဏာရှင်အစိုးရအဖွဲ့သည် အထူးသတိကြီးစွာထားရှိပြီး ကိန်းဂဏ္ဍန်းစာရင်းအချက်အလက် များကို မထိခိုက်သယောင် လိမ်ညာထုတ်ပြန်နေခဲ့သည်။ သို့သော် တရုတ်နိုင်ငံ၏ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍသည် စနစ်တကျ ကျဆုံးနေခြင်း၊ အာဏာရှင်ဆန်စွာ ဖိနှိပ်ထိန်းချုပ်ခြင်းများအောက်တွင် အက်ကွဲ ပြိုလဲနေခဲ့ပြီဖြစ်သည်။

၄ လအတွင်း ၄ ယောက်သေဆုံးခြင်း

ဧပြီ ၁၆ ရက်က Jindianzi အထည်ချုပ် လီမိတက်ထူထောင်သူ Bi Guangjun ဆိုသူတိုက်တစ်လုံး၏ ၂၈ ထပ်မှ ခုန်ချကာ သတ်သေသွားခဲ့သည်။ Bi သည် စွမ်းအင်စက်မှုလုပ်ငန်းသစ်တစ်ခုတွင် ငွေကြေးများစွာ ထည့်ဝင်ရင်းနှီးခဲ့သည်။ တရုတ်အစိုးရက အဆိုပါ စွမ်းအင်ကဏ္ဍသည် နိုင်ငံအနာဂတ်စီးပွားရေး သော့ချက်ဖြစ်သည်ဟု အမွှမ်းတင်ကာ မြှူဆွယ်ပြောဆိုနေခဲ့သည်။ အစိုးရကိုယ်တိုင်၏ ကတိပေးစည်းရုံးမှုများကြောင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များစွာ စွမ်းအင်ကဏ္ဍတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံကြသည်။ ယုံမှတ်ပြီး ပုံအပ်ပြီးကာမှ တရုတ်အစိုးရကိုယ်တိုင်က ထောက်ပံ့မှုနှင့်မူဝါဒများကို မည်သို့မျှ မထင်မှတ်ဖွယ်ရာအနေအထား အပြောင်းအလဲများလုပ်ချလိုက်သဖြင့် Bi လည်း အလွန်ကြီးမားသော ဆုံးရှုံးမှုဖြင့် ရင်ဆိုင်လိုက်ရသည်။ တရုတ်အစိုးရသည် စျေးကွက်အင်အားစုဖြင့် စီးပွားရေးလုပ်ဆောင်ခြင်းထက် အာဏာဖြင့် စီးပွားရေးအဆောက်အအုံကြီးတစ်ခုလုံး၏ ကံကြမ္မာအား အမိန့်ဖြင့် တည်ဆောက်ခြင်း၊ တိုက်ရိုက်ချုပ်ကိုင်ခြင်းများကြောင့် စီမံကိန်းများစွာ၏ လည်ပတ်မှုသည် ရင်းနှီးမြှုပ်နှံသူများအတွက် အလွန်ကြီးမားသည့် အန္တရာယ်ကို ဖြစ်စေခဲ့သည်။

နောက် ၂ လအကြာ၊ ဇွန် ၂ ရက်နေ့မှာပင် နောက်ထပ် စွန့်ဦးတီထွင်လုပ်ငန်းရှင် Liu Wenchao တိုက်ပေါ်မှ ခုန်ချသတ်သေခဲ့ပြန်သည်။ Xizi ဓာတ်လှေကားကုမ္ပဏီ လီမိတက်ဥက္ကဌကြီးလည်း ဖြစ်သည်။ ဓာတ်လှေကားကုမ္ပဏီဖြစ်သည်အတွက် အဓိက အားထားရာ စီးပွားရေးလုပ်ငန်းရပ်ဝန်းက အိမ်၊ ခြံ၊ မြေ လုပ်ငန်းဖြစ်သည်။ တစ်ချိန်က အလွန်အောင်မြင်အကျိုးဖြစ်ထွန်းခဲ့သော အိမ်၊ ခြံ၊ မြေ လုပ်ငန်းကြီးသည် ဆပ်ပြာပူပေါင်းပေါက်သွားသလို မျက်စိတစ်မှိတ်အတွင်း လဲပြိုသွားခဲ့ပြီဖြစ်သည်။ တစ်ခါက တရုတ်အစိုးရပိုင် မီဒီယာကြီးတစ်ခုတွင် Liu ပြောခဲ့ဖူးသည့် စကားရှိသည်။ “ ရည်မှန်းချက် ရှိသူတိုင်း အမာရွတ်မကင်းတတ်” ဆိုသော စကားဖြစ်သည်။ သို့သော် အိမ်၊ ခြံ၊ မြေ စျေးကွက်ကြီး တစ်ခုလုံးသည် ဝယ်လိုအားလုံး၀ မရှိတော့ဘဲ အစိုးရကြီးကြပ်စီစဉ်မှု လမ်းမှားများကြားတွင် ပြိုလဲခဲ့ပြီဖြစ်ရာ စီးပွားရေးခေါင်းဆောင်များ မျှော်လင့်ချက် လုံးလုံးမဲ့သွားပြီး သတ်သေကြရသည့်အဖြစ်ဆိုးများသို့ ရောက်ရှိကုန်တော့သည်။

ဇူလိုင် ၁၇ ရက်တွင် နောက်ထပ် ဝမ်းနည်းစရာ အဖြစ်ဆိုးထပ်ကြုံပြန်သည်။ နေအိမ်များပြုပြင်မွမ်းမံခြင်းလုပ်ငန်း Liangjiaju Building Materials ထူထောင်သူ Zeng Yuzhou ဂွမ်ဇူး ရှိအထပ်မြင့်တိုက်ပေါ်မှ ခုန်ချ သေဆုံးသွားခဲ့ပြန်သည်။ သတင်းများအရ Zeng သည် သေဆုံးချိန်တွင် အကြွေး ယွမ် ၁ ဘီလီယံကျော် ရှိနေကာ မိသားစုပေါင်း ၂၀၀၀၊ အလုပ်သမားပေါင်း ၁၀၀၀၊ ပစ္စည်း တင်သွင်းသူပေါင်း ၃၀၀ ကျော်ကို အကြွေးများမပေးနိုင်ဘဲ ဒုက္ခပင်လယ်ဝေစေခဲ့သည်ဟု ဆိုသည်။ Zheng ၏ အသက်တန်ကြေးသည် ကျန်ရစ်ခဲ့သော ၎င်း ကုမ္ပဏီတန်ကြေးထက်သာမက ပတ်သက်ခဲ့သည့် လူမှုအသိုက်အဝန်း၊ လုပ်ငန်းနယ်ပယ်များစွာကိုပါ ဆင်းရဲ ဒုက္ခများ ပြန့်ကျဲစွာပေးသွားခဲ့သည်။ အကြွေးဆုံးသူများလည်း ပြိုလဲကုန်သည်။ ထိုသည်မှာ တရုတ်နိုင်ငံ စီးပွားရေးစနစ်သည် ပျက်စီးလွယ်သော ဂေဟစနစ်အတွင်း ရှိနေပြီး ပတ်ချာလည်ကို ဒုက္ခပေးနိုင်ကြောင်း သိရှိစေသည်။

နောက်ထပ် ၁၀ ရက်အကြာ ဇူလိုင် ၂၇ ရက်နေ့တွင် ထိုကြမ္မာစက်ဝန်းက ထပ်လည်ပြန်သည်။ အိမ်ဆောက်ပစ္စည်း လက်လီကဏ္ဍတွင် မဟာအင်အားကြီးကုမ္ပဏီကြီးဖြစ်ခဲ့သော Easyhome New Retail Group ဥက္ကဌ Wang Linpeng လည်း အဆောက်အအုံတစ်ခုပေါ်မှ ခုန်ချကာ မိမိကိုယ်မိမိ အဆုံး စီရင်ခဲ့ပြန်သည်။ သေဆုံးခြင်းမှာ အကျင့်ပျက်ခြစားမှုစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဖမ်းဆီးစစ်ဆေးလာပြီး ရဲစခန်းအချုပ်မှ ပြန်လွတ်မြောက်အပြီး ၄ ရက်အကြာတွင် ခုန်ချသတ်သေခဲ့ခြင်းဖြစ်သည်။

ထိန်းသိမ်းရေးစခန်းမှ ပြန်ထွက်လာပြီး တစ်ပတ်မပြည့်မီမှာပင် သတ်သေခြင်းက တရုတ်နိုင်ငံ၏ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ တရုတ်အစိုးရ၏ ပါတီရှင်းလင်းသုတ်သင်ရေး စီမံကိန်းများတွင် မည်မျှ ဖိအားကြီးမားစွာခံနေရသည်ကို မီးမောင်းထိုးပြခြင်းပင်ဖြစ်သည်။

တရုတ်နိုင်ငံအတွင်းရှိ စီးပွားရေးခေါင်းဆောင်များသည် တရားရေးဆိုင်ရာနှင့် မပတ်သက်သော်လည်း မကြာခဏ ရဲတပ်ဖွဲ့၏ ခေါ်ယူစစ်ဆေးခံရမှုများ ကြုံကြရသည်။ ထိုအကျိုးဆက်များအဖြစ် သည်းမခံနိုင်သော အမည်းစက်များပိုက်ထွေးရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုများဖြစ်တည်ကြကုန်သည်။

တရားဝင်ထုတ်ပြန်မှုများနှင့် ဆန့်ကျင်ဘက်များ

အဆိုပါ လုပ်ငန်းရှင်းကြီး ၄ ဦး အချိန်တိုအတွင်း ရှေ့ဆင့်နောက်ဆင့်သေဆုံးခဲ့မှုသည် ပေကျင်းအစိုးရ၏ စီးပွားရေးတိုးတက်ကောင်းမွန်းခြင်းကြောင့် အောင်ပွဲခံဟစ်ကြွေးပြနေမှုများဖြင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ တရုတ် အာဏာပိုင်များက နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) သည် မျှော်လင့်ထားသည်ထက်ပင် ပိုမိုကောင်းမွန်စွာ တိုးတက်ရရှိသည်ဟု အသံကောင်းဟစ်နေ ချိန် အဓိက နိုင်ငံစီးပွားရေးကဏ္ဍကြီးများတွင် အကြွေးနွံထဲ နစ်နေရခြင်း၊ ဝယ်လိုအား ကျဆင်းခြင်းများဖြင့် ဒုက္ခပင်လယ်ဝေနေရသည်က အမှန်တရားဖြစ်သည်။

တစ်ချိန်က တရုတ်စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အား အိမ်၊ ခြံ၊ မြေ လုပ်ငန်းကြီးမှာ ဇောက်ထိုး ကျဆင်းပြိုလဲသွားပြီဖြစ်သည်။ နိုင်ငံ၏ အသစ်ဖြစ်သော စွမ်အင်စီးပွားရေးကဏ္ဍကြီး တွင်လည်း တိုင်းပြည် ဂုဏ်သိက္ခာ သင်္ကေတဟု ဂုဏ်ဝင့်ပြနေသော်ငြား မူဝါဒများ ပြောင်းပြန်လှန်နေခြင်းများကြောင့် အခက်အခဲများစွာနှင့်နပန်းလုံးနေရသည်။

တစ်ပြိုင်တည်းမှာပင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အရှိန်မြှင့်လုပ်ဆောင်ရာတွင် နိုင်ငံရေးလှုံ့ဆော်မှုအဖြစ် တရားခံရွေးချယ်မှုစနစ်ကို ကျင့်သုံးနေသည်။ တစ်ခေတ်တစ်ခါက ဩဇာ ကြီးမားခဲ့သည့် အမှုဆောင်များ ရုတ်တရက် အပယ်ခံများဘ၀သို့ ရောက်ရှိခြင်းနှင့် သင်္ကာမကင်းခံရ သူများဘ၀ရောက်ခြင်းက စီးပွားရေးပတ်ဝန်းကျင်ကို မတည်မငြိမ်ဖြစ်စေသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) က ပြင်ဆင်တည်ဆောက်နိုင်ရေး ကြိုးစားနေသည်ဆိုသော်လည်း ယခုလို သတ်သေကြသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဆက်တိုက်ရှိလာနေခြင်းက အထီးကျန်ကာ သတ်သေသည်ဆိုသည့် ဘောင်ထက်ကျော်လွန်ပြီး စနစ်ကျသော ကပ်ဘေးတစ်ခု၏ ရောဂါလက္ခဏာ တစ်ရပ်အဖြစ် ထွက်ပေါက်ရှာကြခြင်းဖြစ်သည်ကို အတိုင်းသား မြင်တွေ့ရသည်။

တရုတ်အစိုးရထိန်းချုပ် သတင်းရင်းမြစ်များအားလုံးက အဆိုပါ လုပ်ငန်းရှင်ကြီးများ သတ်သေကြသည့်အဖြစ်ကို စီးပွားရေးဖိအားများကြောင့်ဖြစ်သည်ဟု မသက်ရောက်သော စကားလုံး များသာ ရွေးချယ်အသုံးပြုဖော်ပြကြသည်။ ယခုလို သတ်သေမှုများ မကြာခဏ ဖြစ်တည်လာခြင်းတွင် တရုတ်နိုင်ငံ၏ ပုဂ္ဂလိက စီးပွားရေးကဏ္ဍပြိုလဲခြင်းနှင့် ယုံကြည်မှု ပျောက်ဆုံးခြင်းအဆင့် ရောက်နေပြီ ဆိုခြင်းကို မျက်ကွယ်ပြုမရနိုင်တော့ပေ။

တစ်ချိန်က နိုင်ငံတိုးတက်ရေးအတွက် မောင်းနှင်သူများဟု ချီးကျူးဂုဏ်ပြုခံရသော စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များသည် ယခုအခါ တာဝန်ခံရမှုများ ရင်လေးဖွယ်တိုးလာရုံသာမက ခြိမ်းခြောက်ခံနေရသူများအဖြစ်သို့ပင် ရောက်ရှိကုန်ပြီဖြစ်သည်။

ပုဂ္ဂလိကစီးပွားရေးကဏ္ဍ တိုက်စားခြင်း

အဆိုပါကပ်ဘေးတွင် ပေကျင်းအစိုးရသည် ပုဂ္ဂလိကအင်တာပရိုက်စ်များအပေါ် ယုံကြည်မှုလုံး၀ မရှိတော့ခြင်းက ဇာစ်မြစ်ဖြစ်သည်။ ရှီကျင်းဖျင်သည် နှစ်ပေါင်းများစွာ တရုတ်စီးပွားရေးအား CCP ပါတီ တင်းကြပ်စွာချုပ်ကိုင်ထိန်းချုပ်မှုအောက်တွင်သာ ထားရှိခဲ့သည်။ အစိုးရပိုင် လုပ်ငန်းကြီးများကို သာ လုပ်ကွက်အတွက် မျက်နှာသာပေးပြီး ပုဂ္ဂလိက လုပ်ငန်းများကို ပိုမိုစိစစ်တင်းကြပ်ခြင်းဖြင့် ဖယ်ကျဉ်လာသည်။

၁၉၉၀ ပြည့်လွန်ကာလများ၊ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလများတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ သည် ပိုမိုလွတ်လပ်သော စျေးကွက်ဖော်ဆောင်မှုများဖြင့် စီးပွားရေးနယ်ပယ်ကို ချောမွေ့စွာ လည်ပတ် စေနိုင်ခဲ့ကြသည်။ သို့သော် ယနေ့ အဆိုပါ လုပ်ငန်းရှင်များအားလုံး အငြင်းပွားဖွယ် အဓိပ္ပါယ်ဖွင့်ဆိုမှု၊ မရှင်းလင်သော ဥပဒေစည်းမျဉ်းစည်ကမ်းများ၊ မူဝါဒ ပြောင်းလဲမှုများ၊ နိုင်ငံရေးလှုံ့ဆော်မှုများအကြား ထောင်ချောက်ပြန်မိနေကြရပြီဖြစ်သည်။

နိုင်ငံတော်ဘဏ်များထံမှ ချေးငွေရရှိနိုင်မှုတွင် အစိုးရပိုင်လုပ်ငန်းများကိုသာ ဦးတည်ပြီးချေးငွေထုတ် ပေးနေပြီး ပုဂ္ဂလိကပိုင်လုပ်ငန်းများအတွက် စည်းကမ်းများ တင်ကြပ်ထားသည်။ တစ်ချိန်က ပုဂ္ဂလိက တီထွင်ဆန်းသစ်ခြင်းများဖြင့် အောင်မြင်ခဲ့သော နည်းပညာ၊ အိမ်၊ ခြံ၊ မြေ လုပ်ငန်းကဏ္ဍများသည် ယခု စည်းမျဉ်းဆိုင်ရာ ထိန်းချုပ်ပိတ်ပင်ခြင်းများဖြင့် ဖိနှိပ်ထုထောင်းခံနေရပြီဖြစ်သည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး စီမံကိန်းအောက်တွင် လွတ်လပ်စွာ၊ ရဲရင့်စွာ၊ ဩဇာအာဏာရှိစွာ ဖြင့် ပွင့်လင်းစွာ လူသိရှင်ကြား ပြောဆိုတတ်သည့် ဘီလျံနာကြီးများ ထူးဆန်းစွာ ပျောက်ဆုံးကုန်သည်။ အတင်းအဓမ္မဝန်ခံခိုင်ခြင်း၊ နှစ်ရည် ထောင်သွင်းအကျဉ်းချ ထိန်းသိမ်းခြင်းများဖြင့် နှိမ့်ကွပ်ထားသည်။

ထိုအခြေအနေပတ်ဝန်းကျင်တွင် ကျရှုံးခြင်းက ပိုမိုကျယ်ပြန့်လာပြီး ပါတီ၏ အမှားအယွင်းများကို ဖုံးဖိ နိုင်ရေးကသာ အဓိကအကျဆုံး ကုန်ကျစားရိတ်ဖြစ်လာတော့သည်။ လုပ်ငန်းရှင်ကြီး Bi၊ Liu၊ Zeng နှင့် Wang တို့ ၄ ဦး သတ်သေခဲ့မှုတွင် စီးပွားရေးပြိုလဲမှုကြောင့်သာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိခိုက်ပြိုလဲရမှုများကပါ အဓိကပါဝင်နေခဲ့သည်။ ငွေကြေးပျက်စီမှု၊ နိုင်ငံရေး ဖိအားများနှင့် လူမှုရေးအမည်းစက်များဖြစ်တည်ခြင်းမှ အဆုံးသတ်အဖြစ် သတ်သေကြခြင်းဖြစ်သည်။

တရုတ်ပြည်သူအသိုင်းအဝိုင်းသည် ကျရှုံးခြင်းအား ဂုဏ်ကျက်သရေမရှိမှုဟု မြင်ကြသည်။ CCP ပါတီ ကလည်း တခြားရွေးချယ်စရာ လမ်း မပေးသောကြောင့် လုပ်ငန်းရှင်းများစွာအတွက် သတ်သေရုံမှတပါး ရွေးချယ်စရာ တခြားနည်းလမ်း မရှိကြပေ။

သတ်သေမှုကိန်းဂဏန်းများထက် ကျော်လွန်သော

သတ်သေသူတိုင်း စီးပွားရေးကျရှုံးခြင်းကြောင့် သတ်သေကြသည်မဟုတ်ပေ။ သို့သော် ဘ၀တစ်ခုလုံး ကွဲကြေပျက်စီးခြင်းမှ သတ်သေမှုများစွာရှိခဲ့သည်။ Zeng Yuzhou ‌ကြွေးမြီ ယွမ် ၁ ဘီလီယံတင်ရှိမှု နောက်ကွယ်တွင် ထောင်ပေါင်းများစွာသော မိသားစုဝင်များ၊ အလုပ်သမားများ၊ ပစ္စည်းတင်သွင်းပေသူ များစွာလည်း ပျက်စီးဆုံးရှုံးမှုများ ခံစားခဲ့ရသည်။ ၎င်းသေဆုံးခြင်း၊ သတ်သေခြင်းက ပုဂ္ဂလိက အရေး ဖြစ်သည်ဆိုသော်လည်း စီးပွားရေးအရ မှီခိုမှုပြုရသော ရေတွက်မရနိုင်သူများစွာ ဒုက္ခပင်လယ်ဝေ ကျန်ရစ်ခဲ့ရသည်။

ထိုနည်းတူစွာပင် Liu သတ်သေခြင်းနောက် ၎င်းနှင့်ပတ်သက်သည့် စီးပွားရေးကဏ္ဍကြီးတစ်ခုလုံး လဲပြို သွားခြင်းဖြစ်သည်။ အိမ်၊ ခြံ၊ မြေ စီးပွားရေးလုပ်ငန်းကို မှီခိုကာ စားသောက်နေထိုင်ရသည့် လုပ်သား သန်းချီရှိနေခဲ့သဖြင့် ထိုသူများအားလုံးသည်လည်း ပြိုကျနေသော အစွန်းထိပ်တွင် တုန်ယင်ပြီး ပြိုလဲမှုထဲ ပါသွားကြသည့်သဘောပင်ဖြစ်သည်။

Wang သတ်သေသွားသည့်မှာ စစ်ကြောရေးဝင်ခဲ့ရသည်မှ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်သည်။ သို့သော် CCP ပါတီ၏ တစ်ဦးချင်းစီအပေါ် ဘ၀ပျက်၊ သတ်သေသည်အထိ ဖြစ်ရသော ဖမ်းဆီး နှိမ့်ကွပ် နေမှုများက ရပ်တန့်သွားခြင်းမရှိပေ။ စစ်ဆေးမေးမြန်းခံရသော စွန့်ဦးတီထွင်လုပ်ငန်းရှင်၏ မိသားစုဝင် များသည် ဝိုင်းပယ်ခံကြရသည်။ တစ်ညတည်းနှင့် စီးပွားရေးပြိုလဲကာ ဝန်ထမ်းများစွာသည်လည်း အလုပ်လက်မဲ့ဘ၀ဖြင့် ယောင်ပေပေ ဖြစ်ကြရကုန်သည်။ တရုတ်အာဏာရှင်အစိုးရ၏ စနစ်အောက် အဆိုပါ သတ်သေမှုများကို ဖြစ်တည်စေသည်ဟု မှတ်ယူရမည်ဖြစ်သည်။ ထိပ်တန်ပုဂ္ဂိုလ်များ သေဆုံး ခြင်းသက်သက်မဟုတ်ဘဲ ၎င်းတို့နှင့်ပတ်သက်ချည်နှောင်သော အလုပ်သမားကွန်ရက်ကြီးတစ်ခုလုံးမှ လူသားများ ရှင်သန်နေထိုင်ရေးကိုပါ သတ်နေခြင်းဖြစ်သည်။

CCP ၏ တိုးတိတ်ခြင်းနှင့်ထိန်းချုပ်ခြင်း

ပေကျင်းအစိုးရသည် အဆိုပါ လှိုင်းသဖွယ် သတ်သေနေကြမှုကို နားကန်းနေသည့်အလား မသိကျွိုးကျွံ နှုတ်ဆိတ်နေသည်။ အဆိုပါသေဆုံးမှုသတင်းများကို ဖြုတ်ချခြင်း၊ အစိုးရပိုင်မီဒီယာများတွင် စီးပွားရေး ကျရှုံးခြင်း၊ ကြွေးတင်ခြင်း၊ နိုင်ငံရေးဖိအားပေးခံရခြင်းအကြောင်းများ လုံး၀ မပါဝင်ပေ။ CCP ပါတီအနေဖြင့်လည်း ၎င်းတို့ မူဝါဒများကျရှုံးရခြင်း၊ နှိမ့်ကွပ်မှုများလုပ်ဆောင်ခြင်း၊ အစိုးရပိုင်လုပ်ငန်းများကို ဦးစားပေးကာ ပုဂ္ဂလိက စီးပွားရေးဦးဆောင် လုပ်ငန်းရှင်များကို အကျင့်ပျက်ခြစားမှုသတ်ကွင်းအတွင်း ရက်စက်စွာ ထိုးသွင်းနေခြင်းများအား ဝန်ခံရန်မှာလည်း မဖြစ်နိုင်ပေ။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ တိုက်ပေါ်မှ ဆက်တိုက်ခုန်ချသတ်သေနေသော်လည်း နိုင်ငံစီးပွားရေး တည်ငြိမ်နေဆဲ၊ တိုးတက်မှုသည်လည်း လမ်းကြောင်းမှန်ပေါ်တွင် ရှိနေဆဲဟုသာ အမှန်တရားကို မျက်ကွယ်ပြု ထုတ်ပြန်နေသည်။

သတင်းအချက်အလက်အားလုံးကိုလည်း CCP ကသာ ထိန်းချုပ်ကန့်သတ်ထားပြီး အဆိုပါ လုပ်ငန်းရှင်များ သတ်သေသည့်အခြေအနေများက ၎င်းတို့နှင့် ပြည်ပ စီးပွားရေးရင်းနှီးမြှုပ်နှံလိုသူများ ဆွေးနွေးမှုများတွင် သက်ရောက်မှု မရှိစေရေးကို ဦးတည်စီမံသည်။ အွန်လိုင်းပေါ်တွင် အဆိုပါ သတ်သေမှုများကို သိစေအပ်မှုများအား ဆင်ဆာဖြတ်ခြင်း၊ ဖြုတ်ချခြင်းများလုပ်ဆောင်သည်။ သတ်သေသွားသူများ၏ မိသားစုများဘ၀က ဝမ်းနည်းကြေကွဲရမှုများကိုပင် တိုးတိတ်စွာ ကြေကွဲကြရ သည်။ ဝန်ထမ်းများ၊ ပစ္စည်းတင်သွင်းသူများဘ၀က မည်သူမျှ စာနာဖေးမခြင်းမရှိသည့် နစ်နာမှုများကြားတွင်သာ တိုးတိတ်နေကြရသည်။

ယခုလို စနစ်တကျ ကျရှုံးနေရသော အခြေခံအားနည်းချက်များကို CCP သည် အဖြေရှာရန် ဦးစားပေး စဉ်းစားခြင်းမရှိဘဲ ၎င်းတို့အပေါ် ဆန့်ကျင်လာနိုင်မှုများ၊ ပါတီပုံရိပ်များကို ထိခိုက်စေမှုမှန်သမျှတို့အား သတိကြီးစွာထားရှိပြီး ဖြိုဖျက်ရေးအတွက်သာ အစဉ်အားစိုက်လုပ်ဆောင်နေသည်။

အကျပ်အတည်းကပ်ဘေး ပေါ်လာခြင်း

တရုတ်ကွန်မြူနစ်ပါတီ၏ မူဝါဒများကြောင့် လူသားတန်ဖိုးနှင့် တရုတ်နိုင်ငံ စီးပွားရေးလောက တွင်းဆုံးကျနေခြင်းကို ၄ လအတွင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီး ၄ ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းက သက်သေပြသည်။ ၎င်းတို့ ၄ ဦးသည် တစ်ချိန်က တရုတ်နိုင်ငံ ပုဂ္ဂလိက စီးပွားရေးကဏ္ဍများ အသက်ဝင်စေရန် ဦးစီးဦးဆောင်ပေးခဲ့သည့် ထိပ်တန်းစက်မှုလုပ်ငန်းရှင် ခေါင်းဆောင်များဖြစ်သည်။ မထင်မရှား လုပ်ငန်းရှင်များ မဟုတ်ပေ။

၎င်းတို့ ၄ ဦးသေဆုံးခြင်းသည် တရုတ်စီးပွားရေးကဏ္ဍများအတွင်း အစိုးရကိုယ်တိုင်က စွန့်ဦးတီထွင် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများအား ရှေ့ဆက်ပြီး တန်ဖိုးမထားနိုင်တော့သည့် စနစ်တစ်ခု အသက်ဝင် သွားခြင်းကို ပြသသည်။ အပြစ်ပေးခြင်းနှင့်ဖိအားပေးခြင်း အလေ့အထများက တွန်လှန်ရန် မဖြစ် နိုင်သော ဖိအားများအောက်ရောက်ရှိပြီး တိုက်ပေါ်မှ နောက်ထပ် ခုန်ကျသတ်သေမည့် လုပ်ငန်းရှင်များ များပြားလာစေရန် တွန်းပို့နေသည်။

ပေကျင်း၏ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်ပွဲသည် ကျည်ဆန်မပါသော စစ်ပွဲဖြစ်သည်။ တင့်ကားနှင့်သေနတ်များလည်း မပါဘဲ စည်းမျဉ်းစည်းကမ်းများ၊ နှိမ်နင်းဖိနှိပ်ခြင်းများ၊ နိုင်ငံရေးအရ ထိန်းချုပ်ဖြိုခွင်းခြင်းများဖြင့်သာ သေဆုံးစေခြင်းဖြစ်တော့သည်။

ရလဒ်သည် စီးပွားရေးယိုယွင်းလာပြီး စွန့်ဦးတီထွင်မျိုးဆက်များကို စိတ်ပျက်လက်ပျက် ဖြစ်စေသည်။ တိုးတက်မှုမျက်နှာစာမှာ ယခုအချိန် ထိန်းထားနိုင်သည်ဆိုလျှင်ပင် ပုဂ္ဂလိက စီးပွားရေးကဏ္ဍမှာမူ ဖုံးကွယ်ထားမှုများအောက်တွင် ကပ်ဆိုက်သွားခဲ့ရသည်မှာ သေချာသည်။ အာဏာရှင်တို့ မဖုံးကွယ်နိုင်သော သတ်သေအလောင်းများ၏ ရာဇဝင်စွတ်ကြောင်းများက ထာ၀ရ ရှင်သန် ကျန်ရစ်နေမည်သာဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now