မဲခေါင်၊ သြဂုတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမှ သာစည်ဘက်အဆင်း ရေယားအောက်ဖက်ကွေ့တွင် စစ်ကောင်စီတပ်ကား တိမ်းမှောက်သဖြင့် ၃ ဦးခန့် သေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရကြောင်း ဒေသခံများထံကသိရသည်။
သြဂုတ်လ ၁၉ ရက်နေ့ နေ့လည်ပိုင်း ကလောမှ သာစည်ဘက်သို့ သွားသည့် စစ်ယာဥ်တန်းအနက် စစ်ကားတစ်စီးမှာ မတော်တဆဖြစ်ပြီး ကားပေါ်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးခန့် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရသည်ဟု ဒေသခံနှင့် ခရီးသွားများကပြောသည်။
“ဘာဖြစ်မှန်း မသိရဘူး။ ရေယားအောက် ၂ ခုမြောက်ကွေ့မှာ ဘီးပေါက်သလို ဗုံးကွဲသလိုကြားတာ၊ ယာဥ်တန်းက ချက်ခြင်းရပ်ပြီး လူတွေ ကားတွေ မလာခိုင်းတော့တာ။ နောက်မှ ၃ ယောက်လောက် သေတာကြားရတာ၊ ဒဏ်ရာရတာကတော့ တစ်စီးလုံး ၂၀ လောက်လို့လည်း ကြားတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
အခင်းဖြစ်ချိန်တွင် အတက်အဆင်းကားများကို ပိတ်ထားသဖြင့် ကားများ ရပ်တန့်နေရပြီး စစ်ကားများ ကလောဘက်သို့အမြန်မောင်းသွားပြီးမှ လမ်းပြန်ဖွင့်ပေးကြောင်း၊ စစ်ကားမှောက်သည်ဟု ဒေသခံများကပြောကြောင်း မိတ္ထီလာ အဆင်းကားယာဥ်မောင်းတစ်ဦးက ပြောသည်။
“ဆင်းသွားတော့ ရေယားနားမှာ ကားမှောက်ထားတာ မတွေ့ရဘူး၊ နောက်ကျမှ ဗုံးပေါက်သလိုလို မိုင်းထိသလိုလို ပစ်ခံရသလိုလို ကြားတာ” ဟု ၎င်းကပြောသည်။
အခြားသတင်းရင်းမြစ်တစ်ခုကမူ စစ်မှုထမ်းဆင်းလူသစ်များကို ပေးပို့သည့် ယာဥ်တန်းဟု ဆိုသည်။
PS. ဓာတ်ပုံများကို လုံခြုံရေးအရ ဖော်ပြနိုင်ခြင်းမရှိပါ။
#MeKongNews
#ကလော
#ရှမ်းတောင်
#စစ်မှုထမ်း
#ရေယား








