မဲခေါင်၊ ဩဂုတ် ၂၀
နယ်စပ်ဒေသ အငြင်းပွားပိုင်နက်မြေကြောင့် မကြာသေးမီက စစ်ပွဲဖြစ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားသို့ ပြည်တော်ပြန်သွားကြသည့် အလုပ်သမားများနေရာတွင် အစားထိုးနိုင်ရေး သီရိလင်္ကာမှ အလုပ်သမား ၁၀၀၀၀ ဦးစွာခေါ်ယူအစားထိုးမည်ဟု ထိုင်းအစိုးရအဖွဲ့က ဩဂုတ် ၁၉ ရက်တွင် အတည်ပြုခဲ့သည်။
ထိုင်းအလုပ်သမားဝန်ကြီး ဖွန်ကာဝင်က သီရိလင်္ကာမှ အလုပ်သမား ၁၀၀၀၀ ကို နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) နှင့် ခေါ်ယူသွားရန် လက်မှတ်ရေးထိုးသဘောတူခဲ့ပြီဖြစ်ကြောင်း၊ နောက်တစ်လ အကြာ သင်တန်းပေးမှုအပြီးတွင် ၃၀၀၀၀ အထိတိုးမြှင့်ခေါ်ယူသွားဖွယ်ရှိကြောင်း ထုတ်ပြန်ပြောဆို ခဲ့သည်။
ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားလုပ်သားများစွာ ပြန်သွားခြင်းကြောင့် အလုပ်သမား ရှားပါးမှုဖြစ်ပေါ်နေခြင်း ကို ဖြေရှင်းနိုင်ရေး ထိုင်းအလုပ်သမားဝန်ကြီးဌာနက အချက် ၅ ချက်ကို မူထားပြီးဖြေရှင်းရန် ရည်ရွယ် ထားကြောင်း သိရသည်။
ပထမအချက်မှာ ပြည်တွင်းအလုပ်သမားအင်အားစုအား နေရာရွှေ့ပြောင်း လဲလှယ်စေလွှတ်ခြင်းဖြစ်ကာ ဒုတိယအဖြစ် နိုင်ငံအတွင်း အထောက်အထားမဲ့ဖြင့် အလုပ်လုပ်နေသော ပြည်ပနိုင်ငံသားများအား တရားမဝင်လုပ်သားလျှော့ချရေး စီမံချက်နှင့်အတူ တရားဝင်အလုပ်သမားများဖြစ်စေရန် မှတ်ပုံတင်ပေးမည်ဖြစ်ကြောင်း၊ တတိယအနေဖြင့် ယခင် ထိုင်း လုပ်သားလိုအပ်ချက်၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားသားများကိုသာ အားကိုးနေရသည့်အနေအထား တွင် သီရိလင်္ကာအပြင် ဖိလစ်ပိုင်၊ နီပေါ၊ အင်ဒိုနီးရှားတို့မှ လုပ်သားများပါ ထပ်ခေါ်ခြင်းဖြင့် လုပ်သား သစ် ၁၀၀၀၀၀ ရရှိနိုင်ရန် မျှော်မှန်းကြောင်းပါဝင်သည်။
လုပ်သားလိုအပ်ချက်နှင့် ပြည်ပအထောက်အပံ့ရှားပါးလာခြင်းကြောင့် ဒုက္ခသည်စခန်းများမှ မြန်မာ ဒုက္ခသည် ၄၀၀၀၀ ကျော်ကို တရားဝင် အလုပ်သမားများ အဖြစ်နေရာပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ၌ ပြည်ပလုပ်သားအင်အားစုကိုသာ မှီခိုနေရခြင်းအား လျှော့ချနိုင်ရေး ပြည်တွင်းလုပ်သားအင်အားစုကို အရည်အသွေးမြှင့်တင်ပေးပြီး အလုပ်နေရာများပေး နိုင်ရေး ကာလရှည်စီမံကိန်းချမှတ်မည်ဟုလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#လုပ်သားလိုအပ်ချက်
#ကမ္ဘောဒီးယား
#သီရိလင်္ကာ








