မဲခေါင်၊ သြဂုတ် ၂၀
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ခရိုင်ဒုစရိုက်နှိမ်နှင်းရေးမှ အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ဖုန်းမြင့်ထူးသည် ကုန်တင်ယာဥ်များထံမှ ယခင်ကထက် အဆမတန် ငွေကြေးကောက်ခံနေကြောင်း ကုန်တင်ယာဥ်မောင်းများနှင့် ဒေသခံများထံမှ သိရသည်။
၎င်းဒုရဲအုပ်သည် ယခင်က ကုန်ကားတစ်စီးလျှင် ကျပ် ၃ သောင်း တောင်းခံနေရာမှ ယခုအခါ ကျပ်တစ်သိန်းစီ ကောက်ခံနေကြောင်း၊ စကားပြောဆိုဆက်ဆံရာတွင်လည်း မောက်မာရိုင်းစိုင်းကြောင်း ကားသမားများက ဆိုသည်။
“ဒန အဖွဲ့ခေါင်းဆောင်က ၁၂ ဘီးကားသမားတွေဆီက တစ်စီးတစ်သိန်း ကောက်နေလို့ ဘယ်တိုင်ရမှန်းမသိ ဖြစ်နေတာပါ။ အရင် ဒန ရဲအုပ်က တစ်စီး ၃ သောင်းကောက်တာ။ အခု အဲ့လူပြောင်းသွားပြီး အသစ် ရောက်လာတာ။ မင်းတို့ ကျေနပ်ရင်ထွက် မကျေနပ်ရင်ရပ်ထား ဆိုပြီး မိုက်ကြေးခွဲပါတယ်။ ငါလည်း အဆင့်ဆင့် ရှာပေးနေရတာ။ တိုင်ချင်တဲ့ နေရာတိုင် ဆိုပြီး ပြောပါတယ်။ ကားဆရာတွေ အရမ်းဒုက္ခရောက်နေလို့ပါ။ အခုမှရောက်ပြီး ငွေနောက်လိုက်နေတဲ့ ဒုရဲအုပ်ကို အထက်လူကြီးတွေ သိစေချင်လို့ပါ” ဟု ကားသမားတစ်ဦးက မဲခေါင်သတင်း ဌာနသို့ ပြောသည်။
၁၂ ဘီးကုန်တင်ကာများမှာ နှမ်း၊ နေကြာ၊ ကုန်အစုံနှင့် စားကုန်၊ အလှကုန်၊ မီးဖိုချောင်သုံး၊ အိမ်ဆောက် ပစ္စည်းများသာ တင်ဆောင်နေခြင်းဖြစ်ပြီး ယခုပိုမိုတောင်းခံလာမှုက အလွန်ခက်ခဲနေပါသဖြင့် ယခင်လို ပုံမှန်သာ တောင်းပါက အဆင်ပြေနိုင်သည်ဟု ယာဥ်မောင်းများက ပြောသည်။
မြို့နယ်ဂျင်ဝိုင်း ၃ ဝိုင်းက ဆက်ကြေးကို ၅ ရက်တစ်ကြိမ် ၎င်းထံသွင်းရကြောင်း၊ ၎င်း၏ခရီးဆောင်အိတ်ကအစ ဂျင်ဝိုင်များက ဝယ်ပေးရပြီး အရင်ပေးရသည့်ဆက်ကြေးမှာ ၅ ရက် တစ်ကြိမ် တစ်ဝိုင်းကို ၁၀ သိန်း ပေးခဲ့ရသော်လည်း ယခု ၎င်းက ၁၅ သိန်း ကောက်နေကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ကြက်ဝိုင်း၊ ရှမ်းကိုးမီးဝိုင်း အားလုံး သူသတ်မှတ်တဲ့ ကြေးပေးနေရပါတယ်။ မြို့နေပြည်သူတွေလည်း လောင်းကစားနဲ့ ဘဝပျက်နေကြပြီ” ဟု ဆိုသည်။
ကျိုင်းတုံမြို့သည် ရှမ်းအရှေ့မြို့တော်ဖြစ်သော်လည်း ခိုး၊ ဆိုး၊ လု၊ နှိုက်များ ကို ထိရောက်စွာနှိမ်နင်းမှု မရှိသဖြင့် လူသတ်ပြီး ဆိုင်ကယ်လုယူသည်အထိ ဒုစရိုက်မှုများ ကြီးထွားလာနေသည့်ဖြစ်ကြောင်း စုံစမ်းသိရသည်။
#MeKongNews
#ကျိုင်းတုံ
#ဒုစရိုက်နှိမ်နင်းရေး
#ခိုးဆိုးလုနှိတ်
#ငွေကြေးတောင်းခံမှု
#ဒုရဲအုပ်








