မဲခေါင်၊ သြဂုတ် ၁၆
မယ်ဆိုင်ချောင်းရေမှာ ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် စိုးရိမ်ရေမှတ်ကို တစ်ပေခန့်ကျော်လွန် ရောက်ရှိနေပြီး တာချီလိတ်မြို့၏ ရပ်ကွက်အချို့တွင် ရေကြီးနေသည်။
ချောင်းအနီးရပ်ကွက်များဖြစ်သည့် တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက် ၊ဆန်ဆိုင်း (က)ရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်များရှိ နေအိမ်များနှင့် လမ်းများအတွင်းရေများဝင်ရောက်နေကြောင်း သိရသည်။
တာချီလိတ်မြို့မှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရေကြီးမှုဒဏ်ခံခဲ့ရပြီး ယခုအခါ ထပ်မံကြုံတွေ့ရခြင်းဖြစ်သည်။
မယ်ဆိုင်ချောင်းရေမြင့်တက်ပြီး တာချီလိတ်မြို့ ရေဘေးဒဏ်ခံရသည့် အဓိကအကြောင်းအရင်းမှာ မယ်ဆိုင်ချောင်းမြစ်ဖျားခံရာ မိုင်းဆက်မြို့နယ်ဘက်တွင် သစ်တောပြုန်းတီးခြင်းနှင့် အဆင်အချင်မဲ့ သတ္တုတူးဖော်ခြင်းများကြောင့် ဖြစ်ကြောင်း ဒေသခံသဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။
“ဒီပြဿနာရဲ့အရင်းအမြစ်က မိုင်းဆတ်ဘက်မှာပဲ။ မယ်ဆိုင်ချောင်းမြစ်ဖျားခံတဲ့လွယ်ဆန်ဆွန်တောင် မိုးများရင် တာချီလိတ်မိုးမရွာရင်တောင် ၆နာရီလောက်အကြာ တောင်ကျရေဆင်းတာပဲ။ သဘာဝတောတွေ သစ်ပင်တွေ ပြုန်းတော့ မြေတွေ၊ မြေအောက်ရေတွေ မထိန်းနိုင်တော့ ချောင်းရေတိုး၊ နုံးတွေကျတယ်၊ တခါ နုံးတွေက ချောင်းကြမ်းပြင်ကို မြင့်တက်စေတော့ ရေနဲနဲကျတာနဲ့ရေကြီးပါပြီ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
မယ်ဆိုင်ချောင်း မြစ်ဖျားခံရာ မိုင်းဆတ်ဒေသတွင် သဘာဝပေါက်ပင်တောများ ပြုန်းတီးသွားမှု၊ အထိန်းအကွပ်မဲ့ပရမ်းပတာ တရားမဝင် သတ္တုတူးဖော်မှုများကြောင့်ဖြစ်သဖြင့် ယင်းပြဿနာအရင်းအမြစ်များကို ဖြေရှင်းနိုင်မှသာ တာချီလိတ် ရေကြီး၊ နုံးတင်မှုကို ဖြေရှင်းနိုင်မည်ဟု ဆိုသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း ရာသီဥတုပြောင်းလဲမှုများ၊ ရေကြီးရေလျှံမှုများ၊ နုံးတင်မှုများမှာ ရွှေတူးဖော်မှုများကြောင့် ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မကြာခဏ ဝေဖန်ထောက်ပြနေသည်။
ထိုင်းအစိုးရ၏ လေ့လာမှုများကလည်း မယ်ဆိုင်တွင်ဖြစ်ပေါ်ခဲ့သော ရေကြီးမှုအတွင်း မကြုံစဖူး နုံးမြေများတင် ကျန်မှုသည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေတူးဖော်မှုများကြောင့်ဟု ထောက်ပြပြောဆိုထားသည်။
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်ချောင်း
#ရေကြီး
#သစ်တောပြုန်းတီးမှု
#သတ္တုတူးဖော်မှု








