မဲခေါင်၊ သြဂုတ် ၁၅
ရှမ်းပြည်၊ တောင်ကြီးမြို့ရှိ အမှတ်(၂) နယ်မြေရဲစခန်းမှ စခန်းမှူး မျိုးကျော်သူမှာ လက်အောက်ငယ်သားများကို တစ်လလျင် စခန်းသုံးငွေ ကျပ်သိန်း ၃၀၀ ကို ဖိအားပေး ရှာဖွေစေခိုင်းနေကြောင်း ရဲစခန်းနှင့် နီးစပ်သူများက မဲခေါင်သို့ ပြောသည်။
စခန်းသုံးငွေ သိန်း ၃၀၀ ကို လက်အောက်ခံ နယ်ထိန်းများကို ရှာခိုင်းခြင်းဖြစ်ပြီး မရှာပေးနိုင်ပါက နယ်ထိန်းရာထူးမှ ဖြုတ်ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း၊ ယောက်ဖတော်စပ်သူကို ခေါ်ထားပြီး တောင်ကြီးမြို့အထွက် ပလီလင်းအကျော် ရေသပြေဂိတ်တွင် သစ်ကားများကို စောင့်ကာ ပိုက်ဆံတောင်းခိုင်းကြောင်း ရဲစခန်းနှင့်နီးစပ်သူ သတင်းရင်းမြစ်များက ပြောသည်။
“ပိုက်ဆံမရှာနိုင်ရင် နယ်ထိန်းကနေ ဖြုတ်ပစ်မယ်လို့ ထည့်ထည့်ပြောတာကြောင့် တယောက်မှ ပြန်မပြောရဲကြပါဘူး” ဟု ဆိုသည်။
ရေသပြေဂိတ်တွင် တရားမဝင်သစ်ကားများထံမှ တရားမဝင်တောင်းခံရငွေသည် တစ်ညလျှင် ကျပ် ၁၅ သိန်းနှင့် အထက်ရရှိကြောင်း၊ စခန်းမှူးသည် နယ်ထိန်းခေါင်းဆောင်ကိုလည်း ၎င်းကြိုးဆွဲရာလုပ်သည့် လူကိုသာ ခန့်ထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စခန်းမှူးသည် တောင်ကြီးသို့ ပြောင်းလာပြီးနောက်ပိုင်း ကျပ်သိန်း ၃၅၀၀ တန် ကားတစ်စီး ဝယ်စီးထားသည့်အပြင် ပြီးခဲ့သည့်လကလည်း ရန်ကုန်သို့ လိုင်စင်ကား ၂ စီး ပို့ခဲ့ကြောင်း၊ စခန်းမှူး မိန်းမ အမည်ဖြင့် ပလီလင်းတွင် သိန်းထောင်ကျော်တန် ခြံကို ဝယ်ယူထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ငယ်သားများက အထက်ကို တိုင်ကြသော်လည်း စခန်းမှူးက ဖုံးဖိထားနိုင်သဖြင့် မည်သည့်အရေးယူခြင်းမျှ မရှိဟု ဆိုသည်။
#MeKongNews
#တောင်ကြီး
#အမှတ်၂ရဲစခန်း
#စခန်းမှူး
#မျိုးကျော်သူ
#ပလီလင်း








