မဲခေါင်၊ ဩဂုတ် ၁၃
အင်းလေးဒေသ အထက်ဘက် ရွှေညောင်နှင့် တောင်ဘက်မိုးဗြဲတို့တွင် လက်ရှိ ရေကြီးမှုအန္တရာယ် အနီရောင်အဆင့်ရှိနေရာမှ လာမည့် ဩဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ ရေကြီးမှုသတိပေးချက် အမြင့်ဆုံး ခရမ်းရောင်သို့ ရောက်ရှိလာနိုင်၍ အင်းလေးဒေသခံများ သတိပြုမိရန် နှင့် အရေးပေါ် ရွှေ့ပြောင်းနိုင်ရန်အတွက် ပြင်ဆင်ထားရန် လိုကြောင်း မိုးလေဝါသပညာရှင် ဦးဝင်းနိုင်က သတိပေးထားသည်။
Global Flood Awareness System နှင့် Global Flood Minitoring System တို့မှ ဩဂုတ် ၁၂ ရက်နေ့တွင် ရရှိသည့် အချက်အလက်များအရ ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးအထက်ဘက် ရွှေညောင်နှင့် အင်းလေးကန်တောင်ဘက် မိုးဗြဲတွင် ရေကြီးခြင်းသတိပေးချက် အနီရောင်အဆင့်(HIGH)တွင် ရှိနေသည် ဟု ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှ စတင်၍ သတိပေးအဆင့် အမြင့်ဆုံးခရမ်းရောင် (EXTREME LEVEL)သို့ ရောက်ရှိကာ ဩဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ EXTREME LEVEL တွင် ဆက်လက်ရှိ နေနိုင်ကြောင်း ဦးဝင်းနိုင်က ပြောဆိုထားသည်။
ရေကြီးခြင်း နှင့် ရေလွမ်းမိုးခြင်း ဆိုင်ရာ အမြင့်ဆုံး သတိပေးချက် အခြေအနေတွင် ရှိနေသောကြောင့် အင်းလေးဒေသရှိ ဒေသခံများ သတိပြုရှောင်ရှားနိုင်ရန်နှင့် ကယ်ဆယ်ရွှေ့ပြောင်းခြင်း ဆောင်ရွက်နိုင်ကြရန် အသိပေးတင်ပြပါကြောင်း ဖော်ပြပြောဆိုထားသည်။
အင်းလေးကန်သည် ငလျင်ကြောင့် မြေအပြောင်းအလဲဖြစ်ကာ တိမ်ကောလာသဖြင့် မိုးလယ်ကာလတွင်ပင် ရေကြီးခြင်းတို့ကို ကြုံတွေ့နေရပြီး ပုံမှန် မိုးများသည့် ကာလဖြစ်သည့် မိုးနှောင်းကာလတွင် ပို၍ ဆိုးဝါးနိုင်ခြေ ရှိနေသည် ဟု Save the Inle Lake က ဖော်ပြထားသည်။
#MeKongNews
#အင်းလေးကန်
#ရေကြီး
#သတိပေးချက်အမြင့်ဆုံး
#ခရမ်းရောင်အဆင့်
#ရေဘေး








