မဲခေါင်၊ ဇူလိုင် ၂၉
ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ်ကို ဆက်သွယ်ရာတွင် အရေးပါသည့် တံတားတစ်စင်းဖြစ်သည့် မိုင်းအင်တံတားမှာ ဇူလိုင်လ ၂၈ ရက် ညနေပိုင်းက ရေကြီးကာ ရေတိုက်စားသည့်အတွက် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၇ ရက် ညသန်းခေါင်ခန့်မှ စတင်ကာ ရှမ်းပြည်တောင်ပိုင်းရှိ မြို့ရွာအချို့တွင် ရေကြီးခဲ့ခြင်းဖြစ်ပြီး ရေကြီးမှုအတွင်း ကောင်းဘို့ – ဖနန်သိမ်ကုန်းဆက်သွယ်ထားသည့်တံတား ရေတိုက်စားကာ မျောပါ ပျက်စီးသွားခြင်းဖြစ်သည်။
“ဒီတံတားက ပင်းတယမြို့နယ်ထဲက ရွာတွေနဲ့ ရပ်စောက်မြို့နယ်ထဲက ကောင်းဘို့ရွာအတွက် ကူးလူးဆက်သွယ်ရာမှာ အရေးပါတဲ့ တံတားတစ်စင်းပါ။ မနေ့က ရေစီးကြောင့် ဒီတံတားဟာ လုံးဝ ပျက်စီးသွားခဲ့ပြီ။ လက်ရှိအချိန်မှာ သွားလာလို့ မရတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရပ်စောက်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် ဇော်ဂျီချောင်းရေတက်သဖြင့် မိုင်းအင်းရွာအနီးရှိ တံတားတောင်ဘက်ပိုင်း မြေပြိုကာ တံတားကူးမရတော့ကြောင်းလည်း ဒေသခံများထံမှာ သိရသည်။
ယနေ့ ဇူလိုင် ၂၉ ရက်တွင် ရှမ်းပြည်တောင်ပိုင်းရှိမြို့များ ရေများကျဆင်းလာပြီ ဖြစ်သော်လည်း လမ်းနှင့် တံတားအချို့ ရေကြီးမှုအတွင်း ပျက်စီးသွားကြောင်း သိရသည်။ ရပ်စောက်မြို့တွင်မူ ယနေ့မနက်ပိုင်းမှစ၍ ရေအနည်းငယ် ကျဆင်းလာနေသော်လည်း ဇော်ဂျီကွေ့နားမှ အိမ်များတွင် ရေများမကျသေးဟု သိရသည်။
မြောက်ရွှေပုထိုးနဲ့ညောင်ဝန်းကြားမှာလည်းရေတိုက်စားမှုကြောင့်လမ်းတစ်ဝက်ပျက်စီးသဖြင့် ကားများသွားလာ၍ မရသေးဟု သိရသည်။
ပင်းတယရှိ ရွှေဥမင်ဘုရား ဆိုင် ၄ ခန်းပြိုကျခဲ့ပြီး ထပ်ပြိုမည် အန္တရာယ်ရှိနိုင်သဖြင့် လောလောဆယ်တွင် ဘုရားအတက်လမ်းပိတ်ထားကြောင်း သိရသည်။
ယခုရက်ပိုင်းဖြစ်ပွားသည့် ရေဘေးကြောင့် ရပ်စောက်နှင့် ဓနုဒေသ၊ ပင်းတယမြို့နယ်အတွင်း လူသေဆုံးမှုများအပြင် လမ်းပန်းဆက်သွယ်ရေးနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်။
*မှတ်ချက် – ကောင်းဘို့တံတားဟု မှားယွင်းဖော်ပြမိသည့်အတွက် အမှန်ဖြစ်သည့် မိုင်းအင်တံတားဟု ပြန်လည်ပြောင်းလဲထားပါသည်။*
မဟာ
#MeKongNews
#ရှမ်းတောင်
#ရေကြီးရေလျှံ
#ရပ်စောက်
#မိုင်းအင်တံတား
#ရေတိုက်စား








