မဲခေါင်၊ ဇူလိုင် ၂၈
မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသနှင့် ညောင်ရွှေမြို့အနီးတွင် ရေကြီးနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၄ ရက်အတွင်း မိုးအဆက်မပြတ်ရွာသွန်းသလို တောင်ကျရေလည်းများသည့်အတွက် အင်လေးကန်အတွင်း စီးဆင်းနေသည့် ချောင်းရေများပြားနေကြောင်း၊ အင်းလေးကန်နှင့် ထိစပ်နေသည့် ညောင်ရွှေမြို့၊ ရပ်ကွက်အချို့တွင် ရေကြီးလာကြောင်း ဒေသခံများက ပြောသည်။
“ကျွန်မတို့ အိမ်ကတော့ အိမ်ထဲက ကုတင်နားထိကို ရေမြုပ်နေပါပြီ။ ဘာမှလည်း သိမ်းချိန် မရလိုက်ဘူး။ အဝတ်အစား၊ အသုံးအဆောင်၊ ကလေးစာအုပ်တွေ အကုန်ရေစိုသွားပါတယ်” ဟု ညောင်ရွှေမြို့၊ မိုင်းလီရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
အင်းလေးကန်အတွင်းသို့ စီးဆင်းနေသည့် ရပ်စောက်မြို့မှ ဇော်ဂျီချောင်းရေသည်လည်း ယမန်နှစ်များကထက် ရေမြင့်တက်နေ၍ သတိပြုကြရန် ဒေသခံတချို့က အချင်းချင်းသတိပေးထားသည်။
အင်းလေးကန်အတွင်းသို့ စီးဆင်းနေသည့် ချောင်းများရှိရာ ဒေသများတွင် ၄ ရက်ဆက်တိုက် မိုးအဆက်မပြတ်ရွာသွန်းနေပြီး လာမည့်ရက်ပိုင်းအတွင်း အင်းလေးရေကန် ရေမျက်နှာပြင် မြင့်တက်မှုကို ပိုမို ကြုံလာရဖွယ်ရှိကြောင်း ဒေသခံများက သုံးသပ်ထားသည်။
ဖေသန်း
#MeKongNews
#အင်းလေးကန်
#ညောင်ရွှေ
#တောင်ကျရေ
#ရေကြီး
#ရှမ်းပြည်တောင်ပိုင်း








