မဲခေါင်၊ ဇူလိုင် ၁၇
တာချီလိတ်မြို့အဝင် မယ်ယန်းတိုးဂိတ်အနီးတွင် ယာဉ်ထိန်းရဲများက လိုင်စင်မဲ့ယာဉ်စီးနင်းသူများကို ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
တရားမဝင် လိုင်စင်မဲ့ မော်တော်ကား မောင်းနှင်စီးနင်းသူများကို ဥပဒေအတိုင်း ဖမ်းဆီးအရေးယူမည်ဆိုသည့် ထုတ်ပြန်ချက် ထုတ်ပြီးနောက်ပိုင်း တာချီလိတ်ယာဉ်ထိန်းရဲများက မယ်ယန်းတိုးဂိတ်အနီး ညောင်ပင်အောက်တွင် စောင့်ကာ ငွေညှစ်တောင်းခံခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်း၏ အခြေအနေကိုကြည့်ကာ ဘတ် ၂ ထောင်မှ ဘတ်တစ်သောင်းအထိ တောင်းခံကြောင်း ကိုယ်တွေ့ကြုံရသူများက ပြောသည်။
“ကျွန်မ မိုင်းကိုးကို ပြန်တာ အဲ့ဒီညောင်ပင်အောက်ကနေထွက်လာပြီး တားတယ် ပြီးတော့ ဝိတက်(ဝှီးတက်စ်) ရှိလားမေးတယ်။ တိုင်းရင်းသားအများစုက ဗမာစကားမတတ်ဘူး၊ နောက်ပြီး ဝန်ထမ်းဆိုရင်ကြောက်နေပြီ၊ ဒါကို အခွင့်ကောင်းယူပြီး လိုင်စင်မဲ့စီးလို့ဆိုပြီး ဘတ် ၅ ထောင် တောင်းတယ်၊ နောက်ဆုံး ၂ ထောင်ပေးခဲ့လိုက်ရတယ်။ ဖမ်းရင်လဲ အကုန်ဖမ်းလေ၊ အခုက တမင်သက်သက် လုပ်စားနေတာ၊ နေ့တိုင်းနီးနီးကို တွေ့ရတယ်” ဟု မိုင်းကိုးကျေးရွာအုပ်စုအတွင်း နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ငွေကြေးတောင်းခံသည့် ယာဉ်ထိန်းရဲများသည် ကားအမျိုးအစားနှင့် လူပေါ်မူတည်ကာ ငွေကြေးတောင်းခံနေပြီး ဗမာစကားမကျွမ်းကျင်သည့် တိုင်းရင်းသားများကို အဓိကပစ်မှတ်ထားကာ ခြိမ်းခြောက်တောင်းခံကြောင်း ဒေသခံများက ပြောသည်။
တာချီလိတ်တွင် မတော်တဆယာဉ်တိုက်မှုဖြစ်ပွားပါကလည်း အမှုမဖွင့်ရန်အတွက် ယာဉ်ထိန်းများက ဘတ်သိန်းချီငွေကြေးတောင်းခံမှုများရှိပြီး ဓါတ်တိုင်တစ်တိုင်ဝင်တိုက်ပါက ဘတ်တစ်သိန်းနှင့်အထက်၊ ကုန်တင်ကားကြီးများ Wifi ဖြင့် ကြိုးချိတ်မိပါက ဘတ် ၅ သောင်းနှုန်း လျော်ကြေးတောင်းခံပြီး ယဉ်ထိန်းတာဝန်ခံနှင့် တာဝန်ကျအရာအရှိအပါအဝင် ရုံးဝန်ထမ်းများက ခွဲဝေယူကြကြောင်း သိရသည်။
#MeKongNews
#ယာဉ်ထိန်း
#မော်တော်ယာဉ်
#တာချီလိတ်
#ငွေတောင်းခံ








