မဲခေါင်၊ မေ ၃၀
အာဏာသိမ်းစစ်ခေါင်းဆောင်က လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရန် မှတ်ချက်ပေးပြီးနောက် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးမှု များပြားနေကြောင်း တောင်ကြီးမြို့ခံများထံမှ သိရသည်။
မေလ ၂၁ ရက်က စစ်ကောင်စီ ခေါင်းဆောင်က လိုင်စင်မဲ့မော်တော်ယာဉ် နှင့် ဆိုင်ကယ်များကို ထိထိရောက်ရောက် ဖမ်းဆီး အရေးယူရန် နေပြည်တော်အစည်းအဝေးတွင် မှတ်ချက်ပေး ပြောဆိုပြီးနောက် တောင်ကြီးမြို့တွင် စီမံချက်ဖြင့် မြို့အနှံ ဖမ်းဆီးလာနေခြင်း ဖြစ်သည်။
“ဝောာင်ကြီးမှာ လိုင်စင်မဲ့ကားတွေ ဆိုင်ကယ်တွေ အမှန်အကန် ဖမ်းစီးနေပါတယ်။ ဇွန်လက စလို့ ဖမ်းမိတဲ့ လိုင်စင်မဲ့ကား ဆိုင်ကယ်တွေ အပြီးသိမ်းမယ် လို့ ပြောတာ ကြားရတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိ မေလ ၃၀ ရက်နေ့တွင် တောင်ကြီးမြို့ ဘုရားဖြူအတက်၊ ထွန်းဆေးရုံ အပေါ်ဖက် နတ်နန်းအနီး မီးပွိုင့်အနီးတွင် လိုင်စင်မဲ့ကားများကို လမ်းလေးဆုံပိက်ကာ စစ်ဆေးနေပြီး သိမ်းဆည်းမှု ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မီးပွိုင့် လမ်းလေးဆုံကို ပိက်ကာ မော်တော်ယာဉ်များကို ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင် ပါ/မပါ နှင့် ခါးပတ်ကြိုးတပ်၊ မတပ်ကို စစ်ဆေးကာ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်များကလည်း တောင်ကြီးတက္ကသိုလ်အနီးရှိ ဧရာဝတီ လဘက်ရည်ဆိုင်အနီး၊ အရှေ့မြို့ပတ်လမ်း နှင့် မြို့တွင်းရှိ နေရာတချို့တွင် စစ်ဆေးကာ ဖမ်းဆီးမှုတို့ ရှိခဲ့သည်။
ရှမ်းပြည်အစိုးရအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုချက်အရ တောင်ကြီးတွင်လိုင်စင်မဲ့ကားများကို ယနေ့မှစ၍ အပြီးဖမ်းဆီးသိမ်းဆည်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မေလ ၂၉ ရက် နံနက် ၁၀ နာရီခွဲက ပြုလုပ်သည့် တောင်ကြီးမြို့ရှိ စစ်ကောင်စီရ၏ ရှမ်းအစိုးရုံးအစည်းအဝေးတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီးသိမ်းဆည်းရန် ဝန်ကြီးချုပ်ကပြောကြား ကြောင်း သိရသည်။
“ဒီနေ့ (မေလ ၃၀ ရက်) နေ့လယ် ၂ နာရီခွဲမှာ စမယ်။ အိမ်တွေကိုဝင်စစ်လို့ လိုင်စင်မဲ့ကားတွေရှိရင် ဓာတ်ပုံရိုက်ယူထားဖို့ပြောတယ်။ မြို့အဝင်အထွက် ဟိုပုံးနဲ့ အေးသာယာမှာ အဖွဲ့စုံထိုင်မယ်။ အနောက်မြို့ပတ်လမ်းကတော့ မိုဘိုင်းအဖွဲ့နဲ့စစ်မယ်” ဟု သတင်းရင်းမြစ်က ယနေ့မေ ၃၀ တွင် ပြောသည်။
ယင်းသို့ဖမ်းဆီးရာတွင် လိုင်စင်မဲ့ကား ဝယ်ရောင်းများကို အဓိကဖမ်းဆီးမည် ဖြစ်ပြီး ဝယ်စီးသည့် ပြည်သူများတွင် လူကို ဖမ်း၊ မဖမ်း မသိရကြောင်း၎င်းက ပြောသည်။
အဖွဲ့စုံတွင် ထွေအုပ်၊ ရဲမျိုးစုံ၊ ကညန စသည်များ ပါဝင်မည်ဖြစ်ပြီး ဖမ်းဆီးရမိကားများကား ထိန်းသိမ်းရာတွင် ပစ္စည်းစုံမှတ်တမ်းထားရှိရန်နှင့် ပျက်စီးပျောက်ဆုံးမှုများ မဖြစ်စေရန် ပြောကြားကြောင်း သိရသည်။
လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီဥက္ကဌက မေ ၂၀ ရက် နံနက်ပိုင်းကပြုလုပ်သည့် နေပြည်တော်အစည်းအဝေးတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှုကို ဖော်ထုတ်ရမည်ဖြစ်ကာ နံပါတ်ပြားအတုပြုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းများကို တွေ့ရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ်အရေးယူရမည်ဟု ပြောကြားထားသည်။
မဟာ, ဖေသန်း
#MeKongNews
#တောင်ကြီး
#လိုင်စင်မဲ့ကား
#ဘုရားဖြူ
#အနောက်မြို့ပတ်လမ်း








