မဲခေါင်၊ ဧပြီ ၁၀
စစ်ကိုင်းငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသည့် အောင်ပန်းမြို့မှ ဟိုတယ်အောင်ပန်း အပျက်အစီးများကို အပြီးသတ် မရှင်းလင်းနိုင်သေးသည့်အတွက် ပိတ်မိနေသည့် သေဆုံးရုပ်အလောင်းများမှ အနံ့များထွက်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် မတ်၂၈ ရက်က ပြိုကျခဲ့သည့် ဟိုတယ်အောင်ပန်းမှ ကားရပ်ရန်နေရာဘက်သို့ တိမ်းစောင်းကာ ဟိုတယ်တစ်ခုလုံး ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၆ရက်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးပြီဟုဆိုကာ အပျက်အစီးများ ဖယ်ရှားသည့် စက်ယန္တရားကြီးများ လုပ်ငန်းဆောင်ရွက်ခြင်းကို ရပ်တန့်ကာ မြို့နယ်ထွေအုပ်မှ ပိုင်ရှင်ထံ ပြန်လည်အပ်နှံလိုက်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။
“ပိုင်ရှင်က စက်ကြီးတွေ ငှားပြီး ဆက်ရှင်းဖို့လုပ်နေတယ်။ ပိနေတဲ့အထဲ အလောင်းတစ်လောင်း မြင်ရပေမယ့် မထုတ်နိုင်သေးဘူး။ သိရတာတော့ဝန်ထမ်းပဲ။ အောက်ဆုံးထပ်မှာလည်းရှိ နေနိုင်သေးတယ်။ အပုတ်နံ့ကတော့ တအားနံတယ်။ အလောင်းလည်း ပျက်စီးနေလောက်ပါပြီ” ဟု ၎င်းက ပြောသည်။
ယင်းဟိုတယ်မှာ အမှတ် (၄) ရပ်ကွက်အတွင်း တည်ရှိပြီး ၆ထပ်ခွဲရှိရာ အထပ်လိုက် ပြိုကျရာမှ အောက်ဆုံး ၂ထပ် မှာ လုံးဝ ပြားပြားဝပ် ပိမိနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဟိုတယ်သည် ကလောမြို့နယ်စည်ပင်အင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် ၂၀၁၉ ခုနှစ်တွင်မှ ဆောက်လုပ်ပြီးစီးခဲ့သည့် အဆောက်အဦတစ်ခုဖြစ်ကြောင်း၊ သက်တမ်းမှာ ၆နှစ်သာ ရှိသေးပြီး ယခုကဲ့ဆို ဆိုးရွားစွာ ပြိုကျပျက်စီးခြင်းအပေါ် အဆောက်အဦတည်ဆောက်မှု အရည်အသွေးနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေသည်။
ဟိုတယ်ပြိုကျမှုအတွင်း ဝန်ထမ်း၅ဦး၊ ဧည့်သည် ၇ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများအနက် ၂ဦးသာ ဆေးကုသနေဆဲဖြစ်ပြီး ကျန်ရှိသူများ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း ဧပြီ၇ရက်က ဟိုတယ်အောင်ပန်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
“ပိုင်ရှင်လည်း အရမ်းစိတ်ထိခိုက်နေတာ၊ သူ့သားနဲ့သမီးက သေသူတွေရဲ့ နာရေးအစအဆုံး လုပ်ပေးတယ်။ တစ်ဦးစီကို ကျပ်သိန်း၃၀စီ ထောက်ပံ့ပေးကြောင်း သိရတယ်။ ဒဏ်ရာရသူတွေကိုလည်းစောင့်ရှောက်ပေးတယ်။ လာပြီး ကူညီကယ်ဆယ်သူ အားလုံးကိုလည်း လိုအပ်တာမှန်သမျှ ပံ့ပိုးပေးပါတယ်” ဟု အောင်ပန်းဒေသခံတစ်ဦးက ပြောသည်။
ဟိုတယ်ပြိုကျပျက်စီးမှုအတွင်း လက်ရှိသင်္ဂြိုလ်ပြီး ၁၁ ဦးနှင့် အလောင်းမထုတ်နိုင်သေးသူတစ်ဦး အပါအဝင် သေဆုံးသူ ၁၂ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၂၅ ဦးရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)၏ ထုတ်ပြန်ချက်များအရ သိရသည်။
#MeKongNews
#ဟိုတယ်အောင်ပန်း
#စစ်ကိုင်းငလျင်
#ကူညီကယ်ဆယ်ရေး
#သေဆုံး








