မဲခေါင်၊ ဧပြီ ၁
အာဏာသိမ်းစစ်ကောင်စီမှ ငလျင်ဒဏ်ကြောင့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ နိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားသော်လည်း TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်နေဆဲဖြစ်သည်။
ယနေ့ ဧပြီလ ၁ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် နောင်ချို့မြို့နယ်၊ တောင်လှကျေးရွာနှင့် ဂေါ်ရခါးကျေးရွာတို့ပေါ်သို့ ဒရုန်းဖြင့် တစ်ကြိမ်၊ ဂျက်ဖိုက်တာလေယာဉ်ဖြင့် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။
၎င်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ဒေသခံ ၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့နေအိမ် ၂ လုံးလည်း ဗုံးထိမှန်ပျက်စီးခဲ့ကြောင်းဖော်ပြထားသည်။
“ကြဲတာကိုကြားပါတယ်။ ကျနော်ကအလုပ်ကိစ္စနဲ့ တခြားရောက်နေလို့ သေချာမသိရသေးဘူး” ဟု နောင်ချိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဲခေါင်ကိုပြောသည်။
နိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ စတင်သတ်မှတ်ခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ်ကျောက်ကြမ်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုရှိခဲ့ပြီး ငလျင်စတင်လှုပ်ခတ်သည့် မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီ ၅ မိနစ်ခန့်တွင်လည်း နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သေဆုံးမှုများ ရှိခဲ့သည်။
စစ်ကောင်စီသည် တိုင်းပြည်ငလျင်ဘေးသင့်နေချိန်တွင်ပင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်နေသောကြောင့် ပြည်သူများ စစ်ရေးသတိရှိကြရန်နှင့် လေကြောင်းရန်ကာကွယ်ရေး နည်းလမ်းများ လိုက်နာကြရန် လိုအပ်ကြောင်း PSLF/TNLA က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မဲခေါင်မှ စောင့်ကြည့်ထားသော စာရင်းများအရ မတ်လ ၂၈ ရက်နေ့ တွင်လှုပ်ခတ်ခဲ့သည့် ၇ ဒဿမ ၇ ရစ်ချ်စတာစကေးအဆင့်ရှိ ပြင်းအားမြင့် ငလျင်လှုပ်ခတ်ပြီးချိန်မှ ယနေ့အချိန်အထိ စစ်ကောင်စီက နောင်ချို၊ ကမ္မ၊ ချောင်းဦး၊ ပေါက်၊ ဖြူး၊ လိုင်ဇာ၊ အင်းလေးနှင့် မိုးညှင်းဒေသများကို လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၈ ကြိမ်အနည်းဆုံးပြုလုပ်ထားပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ အနည်းဆုံး ၄၀ ဦး သေဆုံးခဲ့သည်။
ဂနိုက်
#MeKongNews
#လေကြောင်းတိုက်ခိုက်
#ဗုံးကြဲ
#စစ်ကိုင်းငလျင်
#နောင်ချို








