လားရှိုးတွင် ဖျော်ဖြေရေးလုပ်ငန်းများ ဆေးစစ်ပြီး ဖွင့်လှစ်ခွင့်ပြု
မဲခေါင်၊ မတ် ၂၄
ရှမ်းပြည်မြောက်ပိုင်း၊ MNDAA အထူးဒေသ(၁) လားရှိူးမြို့တွင် ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်သူများအား ကျန်းမာရေးဆေးစစ်ပြီး လက်မှတ်ထုတ်ပေးကာ ဖွင့်လှစ်ခွင့်ပြုလျှက်ရှိကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ထံမှ သိရသည်။
KTV၊ အနှိပ်ခန်း၊ ပြည့်တန်ဆာလုပ်ငန်းများရှိ ဝန်ဆောင်မှုပေးသူများအား မတ်လ ၂၃ရက်နေ့တွင် အထူးဒေသ (၁) ကျန်းမာရေးဌာနက ရောဂါစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ယင်းလုပ်ငန်းများတွင် လုပ်ကိုင်သည့် အမျိုးသမီးများအား စစ်ဆေးပေးခဲ့ခြင်းဖြစ်ကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ခံ ကိုနေဝေစိုးက မဲခေါင်သို့ ပြောသည်။
“ဆေးစစ်တာကတော့ ကျန်းမာရေးရှု့ထောင့်ကဆိုရင် အားလုံးအတွက်ကောင်းပါတယ်။ အားလုံးအတွက် အန္တရာယ်ကင်းပါတယ်။ ဆေးအောင်ရင် အလုပ်ဆက်လုပ်ရတယ်။ ဆေးမအောင်ရင်တော့ ကုသလို့ရတဲ့ရောဂါဆို ဆေးကုတဲ့အချိန် အလုပ်နားပေါ့နော်” ဟု ၎င်းက ပြောသည်။
ယင်းဖျော်ဖြေရေးလုပ်ငန်းများမှာ စစ်ကောင်စီ လားရှိုးမြို့ကို ထိန်းချုပ်ထားစဉ်ကတည်းက ရှိသည့် လုပ်ငန်းများဖြစ်ပြီး လုပ်ကိုင်သူများကို MNDAA မှ ပိုင်ဆိုင်လုပ်ကိုင်ခြင်းမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်များက ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ကိုနေဝေစိုးက ပြောသည်။
ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်တွင် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV၊ ကာလသားရောဂါနှင့် TB ရောဂါများကို စစ်ဆေးပေးခဲ့ပြီး ကာလသားရောဂါရှိသူများအား ဆေးကုသပေးခဲ့ကြောင်း သိရသည်။
“ဖျော်ဖြေရေးလုပ်ငန်းတွေက ကမ္ဘာတစ်ဝှမ်းလုံးမှာရှိနေတဲ့အတွက် အဓိက ကျွန်တော်တို့စဉ်းစားရမှာက ရောဂါကူးစက်မှုမပြန့်ပွားအောင် ဘယ်လိုထိန်းမလဲပေါ့။ နိုင်ငံတကာမှာလည်း ဒီလိုကျန်းမာရေးဝန်ဆောင်မှုပေးနေတာတွေ အရင်ကတည်းက အများကြီးရှိပါတယ်။ ကျွန်တော်တို့က အခုမှစပြီးအကောင်အထည်ဖော်ဆောင်ရွက်ဖြစ်တာပါ”ဟု အထူးဒေသ (၁) ကျန်းမာရေးဌာန ဆရာဝန်တဦးက ဆိုသည်။
ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် (၃)လတစ်ကြိမ်သွေးပြန်စစ်ရန်လိုအပ်ပြီး သွေးစစ်သည့်အဖြေကောင်းမှသာ (Infection Screening Card for Entertainment Service) ကဒ် ပြန်လည်ထုတ်ပေးပြီး အလုပ်လုပ်ကိုင်ခွင့်ရမည် ဖြစ်ကြောင်းသိရသည်။
လားရှိူးမြို့သည် စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အဆင့်ရုံးစိုက်ရာမြို့ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA၊PDF နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကသိမ်းပိုက်နိုင်ခဲ့ပြီး MNDAA ၏ အထူးဒေသ (၁)အနေဖြင့် မြို့အုပ်ချုပ်ရေးအဓိကလည်ပတ်နေသည်။
ဂနိုက်
ဓာတ်ပုံ – အထူးဒေသ ၁ ကျန်းမာရေးဌာနမှ ကျန်းမာရေးစစ်ဆေးမှုမြင်ကွင်း၊အထူးဒေသ ၁ ကျန်းမာရေးဌာန









