ဟိုပုံးတွင် ကောက်ရသည့်ဗုံးပေါက်ရာမှ ကိုရင်တစ်ပါးနှင့် ရွာသားတစ်ဦး ဒဏ်ရာရ
မဲခေါင်၊ မတ် ၂၄
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ်၊ ပါပင်းဘုန်းကြီးကျောင်းမှာ ကောက်ရလာသည့် ဗုံးကိုကိုင်တွယ်ရာမှ ဗုံးပေါက်ကွဲပြီး ကိုရင်တစ်ပါးနှင့် ရွာသားတစ်ဦးသေဆုံးသွားပြီး ကိုရင် ၅ ပါး ဒဏ်ရာရကြောင်း ရွာသားများထံမှ သိရသည်။
မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး သေသူရွာသားလူငယ်မှာ အသက် ၁၅ နှစ် အရွယ်ဖြစ်ကာ ကိုရင်မှာ အသက် ၉ နှစ်သာ ရှိသေးပြီး ၎င်းတို့ကို မတ်လ၂၃ရက်တွင် သင်္ဂြိုလ်ကြောင်း၊ ဒဏ်ရာရ ကိုရင် ၅ ပါးကို စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း သိရသည်။
“ဗုံးကောက်လာတဲ့လူငယ်က ဘုန်ကြီးကျောင်းထဲ အဲ့ဗုံးကို ယူလာရင်းကွဲတာ၊ သူကလျှောက်လည်ရင်း စစ်တပ် စစ်ရေးလေ့ကျင့်ရေးကွင်းက တွေ့လို့ကောက်လာတာတဲ့” ဟု ဖြစ်စဥ်သိသူ ရွာသားတစ်ဦးက ပြောသည်။
ဗုံးကောက်ရသည့်နေရာမှာ စစ်ကောင်စီ၏ ဟိုပုံးမြို့စစ်တပ်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ စစ်ရေးလေ့ကျင့်ရေး သင်တန်းကွင်း အနောက်ဘက်မှ ရရှိခဲ့သည်ဟု သိရပြီး ယင်းတပ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်း သင်တန်းအပတ်စဉ် ၁၁ ကို လက်ရှိသင်တန်း ပေးနေကြောင်း သိရသည်။
ယင်းတပ်မှ မကြာခဏ လေ့ကျင့်ပစ်ခတ်သံများကြောင့် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေသည့်မြို့လူထု ထိတ်လန့်ကြရကြောင်း သိရသည်။
#MeKongNews








