မဲခေါင်၊ မတ်၁၃
တောင်ကြီးမြို့တွင် နေ့စဥ်ရက်ဆက် ဖမ်းဆီးနေသည့် လိုင်စင်မဲ့ကားများကို ပိုင်ရှင်ထံ ပြန်ပေးရန်မရှိဘဲ အပြီးသိမ်းဆည်းကာ ရဲအပါအဝင် ဌာနဆိုင်ရာများအတွက် ထုတ်ပေးရန် စီစဉ်နေကြောင်း ယာဉ်ထိန်းတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ တန်ဆောင်တိုင်ကာလမှ စတင်သည့် လိုင်စင်မဲ့ကားဖမ်းဆီးမှုမှာ ယခု မတ်လဆန်းတွင် ပိုမိုဖမ်းဆီးလာပြီး ယခင်က ကားအချို့ငွေပေးရွေးရနိုင်ခဲ့သော်လည်း ယခုတွင် လုံးဝပြန်ရနိုင်ချေ မရှိတော့ဘဲ အပြီးသိမ်းခြင်းဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အရင်က အောင်သပြေတပ်ထဲ မြက်ပေါက်အောင်သွားပစ်ထားပေမယ့် ခုက ဌာနဆိုင်ရာတွေကို ပြန်ထုတ်ပေးဖို့ရှိလို့ ဟိုတုန်းကလို ပစ္စည်းတွေ ခိုးဖြုတ်ရောင်းလို့ မရအောင် ပြောထားတယ်။ သူတို့ လိုတာ Vigo လို ကားတွေနဲ့ အိမ်စီးကားကောင်းတွေ၊ နောက်ဖွင့်ကားတွေက စစ်သုံး၊ ရဲသုံးဖို့နဲ့ အိမ်စီးကားကောင်းတွေက ဌာနအရာရှိသုံးတွေအတွက်လို့ ကြားတယ်။ ရန်ကုန်မှာတော့ ဖမ်းမိကားတွေ S နံပတ်တွေနဲ့ စပေးနေပြီ” ဟု ၎င်းက မဲခေါင်ကို ပြောသည်။
ယခင် အမြဲတန်းလို လိုင်စင်မဲ့ကားများ စျေးကွက်ဖြစ်သည့် အထက-၁ ဘေးလမ်း၊ မြို့မနှင့် မင်္ဂလာဦး နေရာများတွင် မည်သည့်ကားမျှ မရှိတော့သလို ယနေ့ တပေါင်းလပြည့်နေ့ ဘုရားသွားကျောင်းတက်ကားများလည်း မရှိသလောက်နည်းပါးနေသည်ဟု ဆိုသည်။
“ဆိုင်ကယ်တွေလည်း အဖမ်းအဆီးများတော့ အသွားအလာနည်းတယ်။ အရောင်းတက်တာ မရှိဘူး။ လူတွေက လိုင်စင်မဲ့ စီးကြတာက ငွေမရှိကြတာများတော့ ခုလို စျေးတွေမြင့်နေချိန် မဝယ်နိုင်ကြတော့တာ” ဟု ဆိုင်ကယ်အရောင်းတန်း ဝယ်ရောင်းတစ်ဦးက ပြောသည်။
အဖမ်းအဆီးများနေသဖြင့် မြို့မစျေးအပါအဝင် စျေးရောင်းစျေးဝယ်များပါ အသွားအလာ နည်းပါးနေပြီး အလုပ်ဆင်း အလုပ်လာသူများ အထူးသဖြင့် အေးသာယာဘက်မှ အလုပ်လာသူများ အလုပ် မဆင်းနိုင်ကြကြောင်းသိရသည်။
“အရင်က မနက်ဆို အုပ်လိုက်ကြီး၊ ညနေဆို တပြုံကြီး ခု အလုပ်မကောင်းပါဘူးဆိုမှအလုပ်မဆင်းနိုင်ကြတော့ ဝင်ငွေမရှိ ဆန်ကွဲဝယ်ဖို့တောင် ခက်နေကြတာ များပြီ” ဟု အေးသာယာက ဘောက်ထမ်း (ကျပန်း) လုပ်သားတစ်ဦးက ပြောသည်။
စစ်ပွဲဖြစ်ပွားရာ နေရာများမှ စစ်ရှောင်လာကြသူများကြောင့် ကားများ ပိတ်ကြပ်နေသည်ဟု ဝေဖန်ခဲ့သည့် တောင်ကြီးလမ်းများမှာ ယခုအခါကားများရှင်းလင်းနေသလို လူသွားလူလာလည်း နည်းပါးလာပြီး ဆီဆိုင်များတွင်လည်း ဆီထည့်ကားများတန်းစီနေကြခြင်း မရှိကြတော့ကြောင်း သိသည်။
မှတ်ချက် – ပုံဟောင်းများ
မဟာ
#MeKongNews
#တောင်ကြီးမြို့
#လိုင်စင်မဲ့ကား
#ဖမ်းဆီး
#စစ်ကောင်စီဝန်ထမ်း








