တာချီလိတ်တွင် လိုင်စင်မဲ့ကားများနှင့်အတူ ရောနှောဖမ်းဆီးထားသည့် လိုင်စင်ရှိ ကားအချို့ကို ဒုပြည်နယ်ရဲမှူးကြီး သန့်ဇင် ယူထား
မဲခေါင်၊ မတ် ၅
တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ အစပိုင်း၌ လိုင်စင်မဲ့ကားများ ဖမ်းဆီးစဉ် ရောနှောဖမ်းဆီးထားသည့် လိုင်စင်ရှိကားများထဲမှ အချို့ကို ရှမ်းပြည်အရှေ့ပိုင်းရဲတပ်ဖွဲ့ ဒုပြည်နယ်မှူး ရဲမှူးကြီးသန့်ဇင်က ၎င်း၏ နေအိမ်သို့ မောင်းနှင်လာစေကာ စာရင်းဖျောက်ပြီး ယူထားကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။
ယင်းကားအချို့မှာ ဖေဖော်ဝါရီလ ၄ရက်နေ့၌ တာချီလိတ်ရှိ ကား Showroom မှ ရောနှောဖမ်းဆီးလာခြင်းဖြစ်ပြီး ကျိုင်းတုံအရောက်တွင် ရဲတပ်ကြပ်ကျော်လင်းက လာရောက်ယူငင်မောင်းနှင်သွားကာ ဒုပြည်နယ်မှူး ရဲမှူးကြီးသန့်ဇင်အိမ်သို့ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောသည်။
“သိသလောက်က Vigo အမျိုးအစားကား ၂စီးပါတယ်။ ကျန်တာတွေလည်းရှိသေးတယ်။ စာရင်းဖျောက်ထားတာတွေ သိမှာဆိုးလို့ ကားအရောင်းပြခန်းက ဝန်ထမ်းတွေကို ချက်ချင်း အမှုဖွင့်ပြီး အရေးယူပစ်တယ်။ တခြားရဲအငယ်တွေကိုလည်း အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်” ဟု ၎င်းကပြောသည်။
ရှမ်းပြည်အရှေ့ပိုင်းတွင် လိုင်စင်မဲ့ကားများဖမ်းဆီးမည်ဟု ကြေညာက ဖေဖော်ဝါရီလ ပထမပတ်အတွင်း တာချီလိတ်မြို့နယ်အတွင်းရှိ ကားအရောင်းပြခန်းအချို့မှ ကားများကို သိမ်းဆည်းသွားပြီး ထိုသို့လိုက်လံဖမ်းဆီးသိမ်းဆည်းရာတွင် အကောက်ခွန်ကဲ့သို့ သက်ဆိုင်သည့်အဖွဲ့များ မပါဝင်ဘဲ ရဲတပ်ဖွဲ့ကသာ ဖမ်းဆီးသိမ်းဆည်းသွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်းဒုရဲမှူးကြီး သန့်စင်မှာ လက်ရှိတွင် တာချီလိတ်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။
ဖေဖော်ဝါရီလ ပထမပတ်အတွင်း တာချီလိတ်မြို့နယ်အတွင်းရှိ ကားအရောင်းပြခန်းများ၊ ကားအလှဆင်ဆိုင်များနှင့် ကားရေဆေးခုံများ အပါအဝင် နေရာ ၂၀ ကျော်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ကားအစီးရေ ၅၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဇော်မြင့်
#MeKongNews








