မိုင်းဆတ်ထောင်မှူး အကျဥ်းသားများထံမှ ဖိနှိပ်ငွေတောင်းနေ
မဲခေါင်၊ မတ် ၄
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်အကျဥ်းထောင်တွင် ထောင်မှူး မျိုးဇော်က ထောင်ကျအကျဥ်းသားများကို ဖိနှိပ်နေသည့်အတွက် မိသားစုများက ပြင်ပမှနေ ငွေပေးထောက်ပံ့နေရကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လဆန်းကပင် ထောင်မှူးမျိုးဇော်ဆိုသူ၏ တောင်းဆိုမှုကြောင့် အိပ်ယာနေရာအတွက် ကျပ်ငွေ ၂သိန်း၊ အလုပ်မလုပ်ရရန်အတွက် ကျပ်ငွေ ၁သိန်းနှင့် ထောင်တံခါးအတွင်း တွေ့ခွင့်အတွက် ကျပ်ငွေ ၅သောင်း ပေးခဲ့ရသည်ဟု ထောင်ကျတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။
“အိပ်ဆောင်ကျထောင်မှူးက ပိုက်ဆံမပေးလို့ မိလ္လာနားက သမံတလင်းမှာထားတယ်။ မိလ္လာရေလည်း ခပ်ခိုင်းလို့ အမျိုးဆိုတော့သက်သာအောင်လို့ မရှိတဲ့ကြားက ပေးခဲ့ရတယ်”ဟု ၎င်းကပြောသည်။
အကျဥ်းထောင် ဂိတ်တံခါး(ဘူးဝ)တွင် ထောင်ဝင်စာများတွေ့ဆုံရာ၌ ငွေပေးမှသာ လူချင်းတွေ့ဆုံနိုင်ပြီး ငွေမပေးနိုင်က သံဇကာခြားတွေ့ဆုံရခြင်း၊ တွေ့ဆုံချိန် အချိန်ပိုငွေပေးရခြင်း၊ ထောင်တွင်းအလုပ်သက်သာမှုနှင့် အဆောင်နေရာ၊ အိပ်ရန်နေရာများ၊ ရေလုံလောက်စွာချိုးခွင့် စသည်များအတွက် ထောင်များတွင် ငွေပေးဝယ်ယူရမှုများရှိနေကြောင်း အကျဉ်းသားမိသားစုများထံမှ သိရသည်။
“ထောင်မှာ ဆိုရိုးရှိတယ်။ ထောင်ကုန်ကြမ်းဟာအကျဥ်းသားတဲ့။ ပုံစံထမင်းဝဖို့၊ ဆေးကုရဖို့အသက်ကို ငွေနဲ့ဝယ်ရတာ၊ ငိုစား ရယ်စားဆိုတဲ့ ရဲထက်ဆိုးတယ်။ ထောင်က ငိုစား ငိုစားပဲ၊ ရယ်စားမရှိဘူး။ ငွေမရှိရင် သေဖို့များတယ်။ အလုပ်လုပ်ချင်လည်းပေးရတယ်။ မလုပ်ချင်လည်းပေးရတယ်။ အဆိုးဆုံးကပိုက်ဆံမတတ်နိုင်ရင် အဝေးဆုံး ထောင်ပြောင်းထည့်တာပဲ”ဟု နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံနှင့်မိုင်းဆတ်၌ အကျဥ်းထောင်များရှိပြီးမိုင်းဆတ် အကျဥ်းထောင်မှာ ၁၀နှစ်အောက် ပြစ်ဒဏ်ကျ အကျဥ်းသားများကို ထားသည့် ‘ခ’အဆင့် အကျဥ်းထောင်ဖြစ်ကြောင်း သိရသည်။
မဟာ
#MeKongNews








