လိုင်စင်မဲ့ကားများထံမှ ငွေယူကာ ဝမ်တာပင်းဂိတ်ကို တာလေ ခမရ(၃၁၆) ဒုတပ်ရင်းမှူးကိုယ်တိုင် ဖြတ်သန်းမောင်းနှင်ပေးနေ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံ နှင့် မိုင်းလားကားလမ်းပေါ်ရှိ ဝမ်တာပင်းဂိတ်၌ လုံခြုံရေးတာဝန်ကျနေသည့် တာလေမြို့အခြေစိုက် အမှတ် (၃၁၆) ခြေမြန်တပ်ရင်းမှ ဒုတပ်ရင်းမှူး မျိုးမင်းထက်သည် လိုင်စင်မဲ့ကားများထံမှ ငွေယူပြီး ကိုယ်တိုင်ဂိတ်ဖြတ်ပေးနေသလို ကုန်ကားများကိုလည်း ငွေပေးမှ ဂိတ်ဖြတ်သန်းခွင့်ပြုနေကြောင်း ခရီးသွားကားများထံမှ သိရသည်။
လိုင်စင်မဲ့ကားများကို တစ်စီးလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းထိ ရယူကာ ဂိတ်ကို ကိုယ်တိုင်ဖြတ်မောင်းပေးနေသည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။
ကုန်ကားများကို စစ်ဆေးပြီး အကောက်ခွန်က ဆက်လက်သွားလာခွင့်ပေးသော်လည်း ဒုတပ်ရင်းမှူး ဆိုသူက ကုန်ကားတစ်စီးလျှင် ကျပ်နှစ်သိန်းစီပေးမှ ဆက်လက်မောင်းနှင်သွားလာခွင့်ပြုသလို ပူးပေါင်းဂိတ်နှင့် စုံစမ်းစစ်ဆေးရေးတပ်စုက ကားများစစ်ဆေးနေစဉ်တွင်လည်း ၎င်းကကြားဝင်ငွေတောင်းကာ ကားများကို ဂိတ်မှထွက်ခွါ ဆက်လက်မောင်းနှင်စေသည်ဟု နီးစပ်သူက ပြောသည်။
ထို့အပြင် ခရီးသွားများကိုမှတ်ပုံတင်စစ်ရာတွင်လည်း အဆင်မပြေသည့်ကားသမားများအား ဆဲဆိုခြင်း၊ ရိုက်နှက်မည်ခြိမ်းခြောက်ကာ ဖြတ်သန်းခွင့်မပြုခြင်း၊ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည်ဟု ကိုယ်တိုင်တွေ့ကြုံခဲ့ရသူများက မဲခေါင်ကိုယနေ့ (ဖေဖော်ဝါရီ ၂၈)ပြောသည်။
“ သူအဆင်မပြေတဲ့ကားဆို ဆဲဆို ခြိမ်းခြောက်နေတာ၊ စရတ နဲ့ပူးပေါင်းဂိတ်က ဘာမှမပြောရဘူး၊ သူပဲ အကုန်လုပ်နေတာ”ဟု ခရီးသွားတစ်ဦးကပြောသည်။
ပြည်တွင်း၌ သွင်းကုန်ပိတ်ပင်ထားသည့် တရုတ်နိုင်ငံထွက် အာလူးကားများကိုလည်း ည ၈ နာရီကျော်ဂိတ်ပိတ်ချိန်များတွင် ကိုယ်တိုင်ဂိတ်ဖွင့်ကာ ငွေယူလွှတ်ပေးနေကြောင်းပြောသည်။
“ ကြိုက်တဲ့ဆီ သွားတိုင်၊ ဘယ်ကောင်မှ ဂရုမစိုက်ဘူးပြောတယ်၊ မူးလာရင် သေနတ်ဖောက်သေးတယ်”ဟု ဆိုသည်။
ခမရ (၃၁၆)သည် စစ်ကောင်စီ၏ တြိဂံဒေသတိုင်း လက်အောက်ခံ ဖြစ်ပြီး အရပ်ဘက် အုပ်ချုပ်ရေးနှင့် ပြည်နယ်ရဲမှူးက လိုင်စင်မဲ့ကားများကို ဖမ်းဆီးနေသော်လည်း ထိုတပ်၏ ဒုတပ်ရင်းမှူးဆိုသူက လိုင်စင်မဲ့ကားများထံမှငွေယူပြီး ကိုယ်တိုင်မောင်းနှင် ဂိတ်ဖြတ်သန်းနေသည်။
မဟာ
#MeKongNews
ပုံစာ။ ။ တာလေမြို့အခြေစိုက် အမှတ် (၃၁၆) ခြေမြန်တပ်ရင်းမှ ဒုတပ်ရင်းမှူး မျိုးမင်းထက်။








