မဲခေါင်၊ဖေဖော်ဝါရီ ၂၂
တအာင်းတပ်နှင့် စစ်ကောင်စီ၏ မအောင်မြင်သော ဆွေးနွေးပွဲအပြီး လေးကြိမ်မြောက်အဖြစ် ယနေ့(ဖေဖော်ဝါရီ ၂၂ )နံနက်အစောပိုင်း တအာင်းတပ်( TNLA) ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ ရွှေမုဠောကျေးရွာနှင့် တောင်ရှည်ကျေးရွာများကို စစ်ကောင်စီက ဗုံးကြဲရာတွင် ဒေသခံတစ်ဦးသေဆုံးကာ နေအိမ်များပျက်စီးခဲ့သည်။
လူအိပ်ချိန် ၁၂ နာရီ ၁၅ မိနစ်ခန့်မှ ၁ နာရီ ၃၀ မိနစ်ခန့်အထိ ဗုံးသီး ၃၂ လုံးကြဲချခြင်းဖြစ်ပြီး ရွှေမုဠောရွာသည် တော်လှန်ရေးတပ်များထိန်းချုပ်ထားနိုင်သည့် ဧရိယာအတွင်းပါဝင်သည်။
ရွှေမုဠောကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးများဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီထောက်ခံသော တယ်လီဂရမ်ချန်နယ်များ၌ရေးသားဖော်ပြနေသည်။
ယခုလ ၂၁ ရက်၊ ညပိုင်း ၈ နာရီခန့်တွင်လည်း နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဦး သေဆုံးကာ ကလေးငယ်အပါအဝင် ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ခြောက်လုံးပျက်စီးခဲ့သည်။
အလားတူ ယခုလ ၂၀ ရက် ညပိုင်းက TNLA ထိန်းချုပ်နယ်မြေ မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် ကြဲချသဖြင့် ရှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ခုဣှစ်ဦးဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်မှ ယနေ့ ဖေဖော်ဝါရီလ ၂၂ရက်အထိ နောင်ချိုမြို့နယ်အပါအဝင် TNLA ဒေသကို လက်နက်ကြီးနှင့် လေကြောင်းကို အသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။
ယနေ့အထိ ၆ ရက်အတွင်း ကလေးတစ်ဦးအပါအ၀င် အမျိုးသား နှစ်ဦး၊ အမျိုးသမီး လေးဦး သေဆုံးခဲ့ရသည်။ ကလေး တစ်ဦး၊ အမျိုးသား ခုနှစ်ဦးနှင့် အမျိုးသမီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့် ပြည်သူနေအိမ် ၁၁လုံး ထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA မှသတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သားများအား ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်ချက်တွင်တိုက်တွန်းထားသည်။
ဂနိုက်
#MeKongNews
#နောင်ချိုမြို့နယ်
#ရွှေမုဠောကျေးရွာ
#ဗုံး၃၂လုံးကြဲ
#စစ်ကောင်စီ
ဓါတ်ပုံ။ ။ တအာင်းတပ်ထုတ်ပြန်ချက်နှင့်ပူးတွဲထုတ်ပြန်သည့်ပုံများ။












