အီလွန်မာ့ခ်ကို လူမှုကွန်ရက်ပေါ်မှ အသက်အန္တရာယ်ခြိမ်းခြောက်သူကို ဖမ်းဆီး
မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့တွင် ကြပ်မတ်ထိန်းကွပ်မှုပိုင်း အကြီးအကဲအဖြစ် တာဝန်ပေးထားသော ဘီလျံနာ အီလွန်မာ့ခ်ကို လူမှုကွန်ရက် X ပေါ်တွင် အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့မှုဖြင့် အင်ဒီယာနာမြို့ရှိ ၂၈ နှစ်အရွယ် ဒေးဗစ်အေချယ်ရီဆိုသော အမျိုးသားအား ဖမ်း၀ရမ်းထုတ်ကာ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။
မည်သည့် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်ကို အင်ဒီယာနာပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသော်လည်း ဒေသဆိုင်ရာအာဏာပိုင်များက ခြိမ်းခြောက်သူနေအိမ်ကို ဝင်ရောက်ရှာဖွေရာတွင် အမှန်တကယ် အသက်အန္တရာယ်ကို ထိပါးစေနိုင်သော လက်နက်မျိုးစုံ၊ ကျည်ကာ၊ AR 15 ရိုင်ဖယ်၊ လက်လုပ်သေနတ်၊ ကျည် ဆံများရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။
အမှန်တကယ် အီလွန်မာ့ခ်ကို လုပ်ကြံနိုင်စရာ အခြေအနေမျိုးရှိသည့်အတွက် ကြိုတင်တားဆီးသည့်အနေဖြင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟု အင်ဒီယားနားပြည်နယ် ရဲ တပ်ကြပ်ကြီး ကာရေးဟူးလ်က ရှင်းလင်းပြောဆိုခဲ့သည်။
မနှစ်က ဒီဇင်ဘာလအတွင်း UnitedHealthcare အဖွဲ့အစည်းမှ CEO ဘရိုင်ယန်သွမ်ဆင်သည်လည်း မန်ဟက်တန် လူသွားလမ်းပေါ် လမ်းလျှောက်နေစဉ် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ထိုစဉ်ကလည်း သတ်မခံရမီ လူမှုကွန်ရက်ပေါ် ခြိမ်းခြောက်မှုများ ရှိခဲ့သည့်အတွက် ထိုသို့ မဖြစ်လာစေရန် ၀ရမ်းထုတ် ဖမ်းဆီး စစ်ဆေးနေရခြင်းဖြစ်သည်ဟု အင်ဒီယားနားပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
Ref: hindustantimes
ကိုကလင်း
#MeKongNews








