မဲခေါင်၊ ဖေဖော်ဝါရီ ၁၁
ရတနာပုံအသင်းနှင့် ရှမ်းယူနိုက်တက်ကစားသမားဘဝမှ CDM ပြုလုပ်ကာ လက်နက်ကိုင်တော်လှန်ရေးအတွင်းပါဝင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ ကစားသမားဟောင်း ကိုရဲရင့်ထွန်း ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ရွှေဘိုမြို့တနေရာတွင်ကွယ်လွန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။
ကိုရဲရင့်ထွန်းသည် ရွှေဘိုမြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခု၌ တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးအခြေအနေကြောင့် အနားယူကာ ထောက်ပို့တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးဆိုးရွားလာပြီး ရွေဘိုမြို့တနေရာ၌ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။
ဘောလုံးသမားဘဝမှ CDM ပြုလုပ်ကာ တော်လှန်ရေးထဲသို့ဝင်ရောက်လာသည့် ဘောလုံးကစားသမားအရေအတွက် အနည်းငယ်သာ ရှိခဲ့ပြီး ကိုရဲရင့်ထွန်းတယောက်အပါအဝင်ဖြစ်သည်ဟု ရတနာပုံအသင်းကစားဖော်ဟောင်း CDM ပြုလုပ်ထားသူတစ်ဦးက ဆိုသည်။
“အနုပညာလောကတို့၊ အဆိုတော်လောကတို့ကဆို နည်းနည်းများသေးတယ်။ ကျနော်တို့ဘောလုံးသမားထဲကဆို လက်နှစ်ဖက်စာမပြည့်ဘူး။ အဲ့ထဲမှာသူက လက်နက်ကိုင်တယ်။ ကျန်းမာရေး မကောင်းလို့ ရွာကို ဆေးလာကုနေတယ်လို့ဘဲသတင်းကြားတယ်။ ထောက်ပို့အနေနဲ့ တာဝန်ထမ်းဆောင်ရင်းဆုံးသွားတာ” ဟု ၎င်းကဆိုသည်။
စိတ်ရင်းစိတ်ထားကောင်းမွန်မှုနှင့် ပျော်ပျော်နေတတ်သူအဖြစ် အပေါင်းအသင်းများနှင့် ကစားဖော်များကြားတွင်ပြောစမှတ်တွင်ခဲ့သူ ကိုရဲရင့်ထွန်းကွယ်လွန်ချိန်၌ အသက် ၃၀ သာရှိသေးသည်။
“သူ အေးချမ်းစွားအနားယူပြီး ခေတ်စိုး စနစ်စိုးကြီးကနေ လွှတ်မြောက်သွားပြီလို့ဘဲတွေးမိတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ တလရမှာ ကျွန်တော်တို့တွေ မလုပ်နိုင်တဲ့အရာကို သူလုပ်ရင်း အခုလိုမျိုး လူ့ဘဝကြီးကနေ အစောကြီးထွက်ခွာသွားရလို့ ဝမ်းနည်းမိပါတယ်။ နောက်ပြီး သူလည်းလက်ရွေးစင် ဖြစ်ခဲ့ဘူးတဲ့သူတစ်ယောက်မို့ သူအတွက် ဝမ်းနည်းချင်းအထိမ်းအမှတ်/ဝမ်းနည်းကြောင်းစာလေးတောင်ထုတ်မပေးနိုင်တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကိုတော့ လေးစားမိတယ်” ဟု ကိုရဲရင့်ထွန်း၏ ကစားဖော်မိတ်ဆွေတစ်ဦးက မဲခေါင်ကိုပြောသည်။
၂၀၁၄ ခုနှစ်တွင် ရတနာပုံ လူငယ်အသင်းသို့ရှေ့တန်းတိုက်စစ်မှူးနေရာမှတဆင့် ဘောလုံးလောကသို့စတင်ဝင်ရောက်လာခဲ့ပြီး မြင့်မားသည့်အရပ်အမောင်းနှင့် ခပ်တင်းတင်း ကစားဟန်များကြောင့် လူငယ်အသင်းများကြား နာမည်ကြီးခဲ့သူဟု ၎င်းနှင့် ရင်းနှီးသူများက ဆိုသည်။
၂၀၁၆ ခုနှစ်တွင် ရတနာပုံလူငယ်အသင်းမှတဆင့် ရတနာပုံ စီနီယာအသင်းသို့ ရောက်ရှိခဲ့ပြီး ဘောလုံး အထိန်းအသိမ်းကောင်းမွန်ကာ အားနှင့်မာန်ဖြင့် ကစားတတ်သူ ဖြစ်သောကြောင့် ကွင်းလယ်ကစားသမားနေရာတွင်နာမည်ကောင်းရခဲ့သည်။
၂၀၁၇ ခုနှစ်တွင် မလေးရှားတွင်ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံလက်ရွေးစင်ကစားသမားအဖြစ်သွားရောက်ကစားခဲ့ရပြီး အရှေ့တောင်အာရှအတင့် စတုတ္ထရရှိခဲ့သည်။
“ဘာပဲဖြစ်ဖြစ် ဒီကာလမှာ ဘောလုံးအဖွဲ့ချုပ်က အခုချိန်မှာသူ့ကိုဘောလုံးသမားအဖြစ် အသိအမှတ်ပြုမှာမဟုတ်ဘူး။ ပုံမှန်ဆို ဒီလိုလက်ရွေးစင်တယောက်ကွယ်လွန်ရင် လက်ပတ်အနက်ကလေးပတ်ပြီး တမိနစ်ငြိမ်ဂုဏ်ပြုတာမျိုးပြုလုပ်လေ့ရှိတယ်။ အခုတော့အဲ့လိုမရှိဘူး” ဟုကိုရဲရင့်ထွန်း၏ မိတ်ဆွေက ဆိုသည်။
စစ်အာဏာသိမ်းမှုမတိုင်ခင် ၂၀၂၀ ခုနှစ်အထိ ရှမ်းယူနိုက်တက်တွင်ကစားခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ဘောလုံးသမားဘဝမှ CDM ပြုလုပ်လိုက်ခြင်းဖြစ်သည်။
ကွယ်လွန်ချိန်၌ မိခင်တဦးသာကျန်ခဲ့ပြီး မိခင်ဖြစ်သူမှာ စစ်ကောင်စီတပ်၏ ရွာမီးရှို့မှုကြောင့် စစ်ဘေးရှောင်နေရသူဖြစ်ကြောင်းသိရသည်။
ဂနိုက်
#MeKongNews
#တော်လှန်ရေးရဲဘော်
#ရဲရင့်ထွန်း
#မြန်မာ့လက်ရွေးစင်
#ဘောလုံးသမား
#ရတနာပုံ













