ပြည်သူစစ်မှုထမ်း တပ်သားတစ်ဦး KNDF ထံ လက်နက်နှင့်တကွ ပြည်သူ့ဘက် ရပ်တည်ကူးပြောင်း
မဲခေါင်၊ ဖေဖော်ဝါရီ ၆
ယနေ့(ဖေဖေါ်ဝါရီ ၆)ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၃ ရက်တွင် စစ်ကောင်စီတပ်သားတစ်ဦး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ အမှတ် (၉) တပ်ရင်းသို့ လက်နက်နှင့်တကွ ပြည်သူ့ဘက် ရပ်တည်ကူးပြောင်းလာသည်။
၎င်းသည် ရန်ကုန်တိုင်းမှ လူငယ်တစ်ဦးဖြစ်ကာ စစ်မှုထမ်းဥပဒေအရ မဲပေါက်၍ အမှတ်စဉ် (၁) စစ်သင်တန်း တက်ရောက်ခဲ့ရသူဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ကရင်နီပြည်၊ ဘောလခဲမြို့ အခြေစိုက် ခမရ (၄၂၉)သို့ တပ်သားအဖြစ် ပို့ဆောင်ခံရသူဖြစ်သည်။
မိခင်တပ်ရင်းသို့ရောက်ရှိပြီး ဩဂုတ်လတွင် ထွက်ပြေးရန် ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပဲ ယခုတစ်ကြိမ်မှသာ MA-11 လက်နက်တစ်လက်နှင့် ကျည်ကတ် သုံးကတ်ယူဆောင်ကာ ခက်ခက်ခဲခဲ ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။
KNDF က၎င်းကို လုံခြုံသည့်နေရာ၌ ထားရှိထားပြီး မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိရေးလည်း စီစဉ်ပေးထားကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ အမှတ် (၉) တပ်ရင်းတာဝန်ရှိသူက မဲခေါင်ကို ပြောသည်။
“ ဘက်ပြောင်းခိုလှုံသူတွေကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်နဲ့ လုံခြုံတဲ့နေရာမှာထားထားတယ်၊ နောက်ထပ်လည်း ဘက်ပြောင်းခိုလှုံတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ကြိုဆိုကြောင်း ပြောလိုပါတယ်”ဟု ပြောသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင်လည်း စစ်ကောင်စီတပ်သား လေးဦး လက်နက် သုံးလက်နှင့်အတူ KNDF B-09 ထံ ပြည်သူ့ဘက်ရပ်တည်ကူးပြောင်းလာသည်။
အခုနှစ်၊ ဇန်နဝါရီ တစ်လအတွင်း စစ်ကောင်စီ၏ ဒုအရာခံဗိုလ်အပါအဝင် တပ်သား (၁၀) ဦးက လက်နက် (၇) လက်ဖြင့် KNDF သို့ ဘက်ပြောင်းခိုလုံခဲ့သည်။
ယမန်နှစ်၊ သြဂုတ်လကနေ ဒီဇင်ဘာလအထိ ပြည်သူဘက်ကိုရပ်တည်ကူးပြောင်းလာသူ ၂၃ ဦးမှ ၄၁ ဦးထိသာရှိခဲ့သော်လည်း ယခုနှစ်၊ ဇန်နဝါရီ တစ်လအတွင်းဘက်ပြောင်းခိုလှုံခဲ့သူ ၁၃၆ ဦးအထိရှိလာသဖြင့် သုံးဆကျော်ပိုများနေပြီဖြစ်သည်။
အခုနှစ်၊ ဇန်နဝါရီလက ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး လေးဦး၊ ဗိုလ် တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၇ ဦးနှင့်ရဲတပ်ဖွဲ့ဝင် ကိုးဦး ၊ စုစုပေါင်း ၁၃၆ ဦးနီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ပြည်သူဘက်ရပ်တည်ကူးပြောင်းလာသည်ဟု အမျိုးသားညီညွှတ်အစိုးရကထုတ်ပြန်သည်။
၂၀၂၁ အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ ပြည်သူဘက်ရပ်တည်ကူးပြောင်းလာသသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့်ပြည်သူ့စစ်ဦးရေ ၁၆,၀၀၀ အထက်တွင်ရှိနေကြောင်း ဗိုလ်မှူးနောင်ရိုးကဆိုသည်။
သုဝဏ္ဏခွန်
#MeKongNews








