USAID အစီအစဉ်အများအပြားကို နိုင်ငံခြားရေးဌာနအောက်တွင် ဆက်လက်လည်ပတ်ဖွယ်ရှိကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီး ဆို
မဲခေါင်၊ ဖေဖော်ဝါရီ ၄
USAID ပရိုဂရမ်အများအပြားသည် တန်ဖိုးရှိသော ပရိုဂရမ်များဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်တွင် ဆက်လက် လည်ပတ်ဖွယ်ရှိကာ နိုင်ငံတကာအကူအညီပေးရေးဌာန ဒါရိုက်တာ မာရော့ကိုက တစ်နေ့ချင်းအလိုက် လုပ်ငန်းဆောင်တာများအား အာမခံချက်ရှိသော ကိုယ်စားလှယ်ထံ လွှဲပေးဖွယ်ရှိကြောင်း ဒေါ်နယ်ထရမ့်၏ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ၎င်း၏ အယ်လ်ဆာဗေဒိုးခရီးစဉ်တွင် ပြောသည်။
ကမ္ဘာတစ်ဝန်း နှစ်ပေါင်း ၆၀ ကြာ အကူအညီများစွာပေးခဲ့သော အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID ကို လက်ရှိ မိမိကိုယ်တိုင် စီမံခန့်ခွဲနေပြီး တစ်ရက်ချင်းအလိုက် လုပ်ငန်းဆောင်တာများအား နိုင်ငံတကာအကူအညီပေးရေးဌာန ဒါရိုက်တာ ပိ(တ်)မာရော့ကို ကို လွှဲအပ်ထားကြောင်းနှင့် လုပ်ငန်းလည်ပတ်မှု စနစ် အတွင်း ယခင်ဝန်ထမ်းများအားလုံးကို ဖယ်ရှားထားကြောင်း ဒေါ်နယ်ထရမ့်၏ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဖေဖော်ဝါရီ ၃ ရက်တွင်း ထုတ်ပြန်ခဲ့သည်။
တစ်ပတ်အတွင်း USAID အဖွဲ့အစည်းကြီးတစ်ခုလုံး ထူးခြားပြောင်းလဲဖြစ်တည်မှုနှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်း အမေရိကန်၏ ကူညီထောက်ပံ့မှု ကွန်ရက်ပြိုလဲသွားမည်ကို စိုးရိမ်နေကြရာ ထရမ့်အစိုးရသစ်က USAID စီနီယာ အရာရှိများနှင့် ဝန်ထမ်းရာချီကို ထုတ်ပယ်ခဲ့သလို ဒေါ်နယ်ထရမ့် လက်လွှဲတာဝန်ပေးထားရာ အီလွန်မာ့ခ်က သတိပေးခြင်းပင်မပြုဘဲ လုပ်ငန်းလည်ပတ်မှုစနစ်ထဲမှ ထုတ်ပယ်မှုများ လုပ်ဆောင်ခဲ့သည်။
အစိုးရ အသုံးစားရိတ်ဘတ်ဂျက် လျှော့ချနိုင်ရေးနှင့် USAID ကို ပြန်လည်ဖွဲ့စည်းခြင်းအပေါ် ဒီမိုကရက်အမတ်များနှင့် ကူညီရေး အဖွဲ့ဝင်များဘက်က မကျေနပ်မှုများစွာ ဖြစ်ပေါ်နေစေခဲ့သည်။ အီလွန်မာ့ခ်ကိုယ်တိုင်က USAID အဖွဲ့အစည်သည် ရာဇဝတ်အဖွဲ့အစည်းကြီးဖြစ်သည်ဆိုသည်အထိ ကြမ်းတမ်းစွာ သုံးနှုန်းခဲ့ပြီး သူနှင့် ဒေါ်နယ်ထရမ့်တို့ ထိုအဖွဲ့ အစည်းအား ဖျက်သိမ်းနေပြီဟု ပြောဆိုခဲ့သော်လည်း မာကိုရူဘီယိုကမူ ပိုမိုပျောပြောင်းညှင်သာသော စကား များနှင့် လမ်းစဉ်များကို အယ်လ်ဆာဗေးဒိုးခရီးစဉ်တွင် ပြောကြားခဲ့သည်။
ပြန်လည်ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး လက်ရှိတွင် USAID သည် နိုင်ငံခြားရေးရာဝန်ကြီးဌာန လက်အောက်တွင် ရှိနေသေးကြောင်း၊ ထရမ့်အစိုးရသစ်နှင့် USAID စီနီယာအရာရှိများ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုခဲ့ခြင်းများ ကြောင့် ယခုလို ထုတ်ပယ်ရခြင်းဖြစ်ကြောင်း၊ မစ္စတာမာရော့ကို ကို အဖွဲ့အစည်းအရေး ပြန်လည် သုံးသပ်မှုများ လုပ်ဆောင်ခိုင်းထားပြီး ထိရောက်မှုအမြင့်မားဆုံး အတိုင်းအတာရှိစေရန် ရည်ရွယ်ကြောင်း၊ သို့သော် ပြန်လည် သုံးသပ်မှုတွင် ပရိုဂရမ်များ၊ ပရော့ဂျက်များ၊ မစ်ရှင်များ၊ ဗျူရိုများ၊ စင်တာများနှင့် ရုံးများကို တည်ဆဲ ဥပဒေနှင့် အညီ ဖျက်သိမ်းခြင်း လုပ်သင့်မသင့်အရေးများပါ ပါဝင်ကာ ပြန်လည်ဖွဲ့စည်းလျှင်လည်း အမျိုးသား အကျိုးစီးပွား၊ လိုက်လျှောညီတွေ လည်ပတ်ဆောင်ရွက်မှုများနှင့်အညီ ဖြစ်စေရန် ရည်ရွယ်ကြောင်း ရူဘီယိုက ရှင်းလင်းပြောဆိုသွားခဲ့သည်။
Ref: NY Times
ကိုကလင်း
#MeKongNews








